Farmer ဂျာနယ်ရဲ့ မန္တလေးသတင်း တာဝန်ခံ အရိုက်ခံရ
2016.12.15

မန္တလေးမြို့၊ လမ်း ၇၀၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြားမှာ Farmer ဂျာနယ်တိုက်ရဲ့ မန္တလေးသတင်း တာဝန်ခံ ကိုကျော်သူရမျိုး ကို လူလေးယောက်ပါတဲ့အဖွဲ့က မနေ့ည ၁၀ နာရီခန့်က ချောင်းရိုက်ခဲ့တာကြောင့် မန္တလေးဆေးရုံ ကြီးမှာ ဆေးကုသမှုခံယူနေရပါတယ်။
ဆိုင်ကယ်မောင်းပြီး အိမ်ပြန်လာရာမှာ ချောင်းရိုက်ခံရတာဖြစ်ပြီး ခေါင်းကိုပဲ အရိုက်ခံခဲ့ရတာ ဖြစ်တယ် လို့ ဆေးကုသမှုခံယူနေရတဲ့ ကိုကျော်သူရမျိုး က ပြောပါတယ်။
"ဖြစ်တာက ကျနော် အိမ်ပြန်လာတဲ့အချိန်မှာ အဲဒီလမ်းထိပ်ချိုးလေးရောက်တော့ ရုတ်တရက်ထွက် လာပြီးတော့ တစ်ယောက်က အရင်ဖြတ်ရိုက်လိုက်တယ်၊ လဲသွားတဲ့အခါကျတော့ နောက်ထပ် ၃ ယောက်လာတယ်၊ အားလုံးပေါင်း ၄ ယောက်ဖြစ်သွားတာပေါ့၊ ၄ ယောက်ထဲမှာ ၃ ယောက်က ကျနော်ကို ခေါင်းပဲရွေးပြီးတော့ ရိုက်တာပေါ့နော်၊ ကျနော်ကလည်း ဆိုင်ကယ်ဦးထုပ်ဆောင်းထားတာ ကံကောင်းသွားတယ်လို့ပြောရမှာပေါ့၊ မျက်နှာတွေကတော့ တော်တော်ထိသွားတယ်၊ ခေါင်းတို့ ဇက်တို့ကတော့ အနည်းအကျဉ်းလောက်ပဲ ထိတာပေါ့နော်"
လက်ရှိ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပြီး မှုခင်းဆရာဝန်ဆီလွှဲပြောင်းပြီးမှ အမှုဖွင့်ဖို့ ဆက်လက် လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ကိုကျော်သူရမျိုးအနေနဲ့ အခင်းဖြစ်တဲ့အချိန်မှာ အရက်သေစာ အနည်းငယ်သောက်သုံးထားပေမယ့် ဖြစ်စဉ်အားလုံး ကို ကောင်းကောင်းမှတ်မိကြောင်းလည်း ပြောပါတယ်။
ကိုကျော်သူရမျိုးဟာ လက်ရှိမှာ Farmer ဂျာနယ်ရဲ့ မန္တလေးသတင်းတာဝန်ခံအဖြစ် လုပ်ကိုင်နေပြီး သူ့အနေနဲ့ ရန်ငြိုးရန်စ မရှိကြောင်းလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း မုံရွာမြို့မှာ နေထိုင်တဲ့ Eleven Media Group ဂျာနယ် သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံခဲ့ရပြီး အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။