မြစ်ကြီးနားမှာ USDP ပါတီဝင် လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း အပစ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်မှာနေထိုင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီ (USDP) ပါတီဝင် လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း ဦးအားဆီ ဇူလိုင်လ ၃၀ ရက်မနေ့ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေ က ပြောပါတယ်။
အသက် ၅၀ ကျော်အရွယ် ဦးအားဆီဟာ အပြင်ကပြန်လာစဉ် နေအိမ်တံခါးအနား အရောက်မှာပဲ ဆိုင်ကယ်နဲ့ လူနှစ်ဦးက သေနတ်နဲ့ပစ်သွားတာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ရပ်ကွက်နေပြည်သူ တစ်ဦးက RFA ကို ပြောပါတယ်။
"ငါးချက် ဆက်တိုက်ပစ်တာ တစ်ချက်ပဲထိတယ်။ ကျန်တာတွေက ကားနဲ့ ခြံစည်းရိုးကို ထိတာ။ အိမ်ရှေ့မှာပဲ ခြံတံခါးဖွင့်ပေးဖို့ စောင့်နေတုန်း ပစ်ခံရတာ။ USDP အဖွဲ့ဝင် လည်း ဟုတ်တယ်။ အခုလည်း စကစအဖွဲ့ ဝန်ကြီးတွေနဲ့ ခြေရှုပ်နေတာလို့ သတင်းကြား တယ်။ အဲဒါကြောင့် အပစ်ခံရတာလို့ ထင်ပါတယ်"
အခုလို အပစ်ခံရတာကြောင့် ဘယ်ဘက်ကျောကုန်း ကျည်ဆန်ထိမှန်ခဲ့ပြီး မြစ်ကြီးနား ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ဦးအားဆီကို ဘယ်အဖွဲ့အစည်းက လာရောက်ပစ်ခတ်သလဲ ဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးလို စစ်ကောင်စီဘက်ကလည်း သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
သေနတ်နဲ့လာပစ်တာ လူငယ်နှစ်ဦးဖြစ်ပြီး မျက်နှာတွေကို နှာခေါင်းစည်း Mask တပ်ထားတာကြောင့် ဘယ်သူဘယ်ဝါဆိုတာတော့ သေချာမမြင်လိုက်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဦးအားဆီဟာ ဦးသိန်းစိန်အစိုးရလက်ထက် လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သလို လီဆူတိုင်းရင်းသား ယဉ်ကျေးမှုဥက္ကဋ္ဌလည်းဖြစ်ပါတယ်။