ကယားမှာ စားနပ်ရိက္ခာသယ်မှု ပိုတင်းကျပ်လာလို့ ဒုက္ခသည်တွေ အခက်တွေ့နေ
2023.04.11

ကယားပြည်နယ်မှာ ဧပြီလဆန်းပိုင်းကစလို့ စားနပ်ရိက္ခာသယ်ယူတဲ့လမ်းကြောင်းတွေကို စစ်ကောင်စီတပ်က ပိုမိုတင်းကျပ်လာတာကြောင့် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ရရှိရေး ပိုခက်ခဲလာတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ကယားပြည်နယ်အတွင်း ဝင်ထွက်တဲ့ဂိတ်တွေမှာ ဆန်နဲ့ စားသောက်ကုန်သယ်ယူရင် စစ်ကောင်စီတပ် ခွင့်ပြုချက်ပါမှ သယ်ခွင့်ရပြီး တစ်ခါတလေ အဖမ်းပါခံရတယ်လို့ ကရင်နီ စစ်ဘေးဒုက္ခသည်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့က ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိုပြီးတင်းကျပ်လာတဲ့သဘောဖြစ်နေတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဆန်ကားတစ်စီး အဖမ်းခံရတာရှိတယ်။ အဲတော့ ကုန်သည်တွေ ကလည်း မသယ်ရဲကြတော့ဘူး။ ဆန်ဈေးတွေက တက်လာတယ်။ ဒီးမော့ဆို အနောက်ဘက်အခြမ်းမှာဆိုရင် ဆန်တစ်အိတ်ကို ခုနစ်သောင်းကျော်ဖြစ်လာတော့ ဒုက္ခသည်တွေအတွက် ပိုဒုက္ခရောက်လာတယ်"
ဒီးမော့ဆိုက ဒုက္ခသည်စခန်းရှိတဲ့ နေရာတွေအနီးမှာပါ တိုက်ပွဲတွေဆက်ဖြစ်နေလို့ စစ်ဘေးဒုက္ခသည်တွေ နေရာထပ်ရွေ့နေရပြီး စားသောက်ရေးနဲ့ ကျန်းမာရေးပိုင်း အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
ဒုက္ခသည်တွေအတွက် နိုင်ငံတကာအဖွဲ့တွေက ကူညီတယ်ဆိုပေမယ့်လည်း စစ်ကောင်စီခွင့်ပြုချက်နောက်ကသာ ကူညီနေလို့ ဒုက္ခသည်အားလုံးကိုလွှမ်းခြုံတဲ့ အကူအညီမျိုးမရဘူးလို့ ကိုဗညားက ပြောပါတယ်။
ဒီလိုအချိန်မှာပဲ စစ်ကောင်စီတပ်က အစားအသောက်သယ်ယူတဲ့လမ်းပိုင်းတွေကို ပိုတင်းကျပ်နေတာလို့ ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်တဲ့ အခြေအနေမျိုး ကြုံလာရနိုင်တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ အစည်းအဝေး ရှိနေလို့ဆိုပြီး တုံ့ပြန်ဖြေဆိုမှု မရခဲ့ပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်အုပ်ချုပ်ရေးကြေညာပြီး နောက်ပိုင်း နှစ်လအတွင်း တိုက်ပွဲပေါင်း (၈၂) ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး ဒုက္ခသည် ၂၆,၀၀၀ ခန့် ထပ်တိုးလာတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ဧပြီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲကြောင့် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ နေရပ်စွန့်ခွာနေရတဲ့ ဒုက္ခသည် သုံးသိန်းနီးပါးရှိလာပြီလို့လည်း ISP-Myanmar က ဖော်ပြထားပါတယ်။