ဟင်္သာတမိုးကြောင့် ရပ်ကွက်တချို့ ရေမြုပ်

ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ ပြီးခဲ့တဲ့ရက်က မိုးအဆက်မပြတ် ရွာလို့ မြို့ပေါ်ရပ်ကွက်တွေ ရေကြီးနေရာမှာ ဒီနေ့လည်း ဈေးတချို့ ဆက်လက် ပိတ်ထားရပြီး ဆင်ခြေဖုံးရပ်ကွက် (၂) ခုက ဒေသခံတွေ ဆိုရင် ချက်ပြုတ် စားသောက်ဖို့ ခက်ခဲနေတဲ့ အတွက် လူမှုရေး အဖွဲ့တွေက ထမင်းထုပ် ကူညီနေရတယ်လို့ သတင်းရရှိပါတယ်။

2011.07.21

မြဝတီနဲ့ အေးမြသာယာရပ်ကွက်နှစ်ခုက လယ်ကွက်ကို သိမ်းပြီး ရပ်ကွက်လုပ်ထားတာ ဖြစ်တဲ့အတွက် ရေကျဖို့ ခက်ခဲကြောင်း၊ ဒုက္ခသည်တွေကို စာသင်ကျောင်းနဲ့ ဇရပ်တွေမှာ ခေတ္တ ထားရှိပြီး လူမှုရေး အဖွဲ့တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကလည်း နီးစပ်ရာ ထမင်းထုပ် ဝေငှ ကူညီနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

အဲဒီဆင်ခြေဖုံးရပ်ကွက်တွေမှာ ရေက အနည်းဆုံး ၄ ပေ ဝန်းကျင် အထိ ရှိနေသေးတယ်လို့ ပြောပါတယ်။ မနေ့ကနဲ့ နှိုင်းယှဉ်ရင် မြို့ပေါ်မှာ ရေကျသွားပေမယ့် အထည်အလိပ် ရောင်းတဲ့ ပဒေသာဈေးနဲ့ ဘော်လုံးကွင်းနားက အား-ကာ ဈေးတန်းနှစ်ခုကို ဒီကနေ့အထိ ပိတ်ထားရသေးတယ်လို့ ဆိုပါတယ်။

အခုလို ရေကြီးတာဟာ မြို့ပေါ်မြောင်းတွေကို စည်ပင်သာယာက စနစ်တကျ မဖေါက်ထားတာက တကြောင်းနဲ့ ရှိပြီးသား မြောင်းတွေမှာ အမှိုက်တွေ ပိတ်ဆို့နေပြီး အဲဒီအမှိုက်တွေကိုလည်း စနစ်တကျ မသိမ်းခဲ့တာက တကြောင်းကြောင့် ရေပြန်ထွက်နိုင်မယ့် လမ်းမရှိလို့ ဖြစ်တာဆိုပြီး မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။