ပထမဆုံးအကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံ ကျင်းပမည်


2013.04.06

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် တိုင်းရင်းသားမီဒီယာ ညီလာခံတစ်ခုကို မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လာမယ့်ဧပြီလ ၂၅ ရက်နေ့မှာ ကျင်းပမယ်လို့ ညီလာခံဖြစ်မြောက်ရေး ကော်မတီက RFA ကို ဒီနေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ အခန်းကဏ္ဍမှာ တိုင်းရင်းသားလူမျိုးများ ကိုယ်စားပြု မီဒီယာတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသား သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး ကျင်းပမှာဖြစ်တယ်လို့ သံလွင်တိုင်းမ်ဂျာနယ်က အုပ်ချုပ်မှုအယ်ဒီတာလည်းဖြစ်၊ တိုင်းရင်းသား မီဒီယာညီလာခံ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ကိုမင်းမင်းနွယ်က ပြောပါတယ်။

"တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ပြည့်စုံတဲ့ ဒီမိုကရေစီနည်းကျတဲ့ မီဒီယာ ဥပဒေတစ်ရပ် ပေါ်ထွန်းရေးပေါ့၊ နောက် တိုင်းရင်းသားဒေသမှာ ဘက်စုံမာတီမီဒီယာ ပေါ်ထွန်းလာရေး၊ နောက် မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုင်းရင်းသား မီဒီယာများရဲ့ အခန်းကဏ္ဍ မြင့်မားလာစေရေး၊ အဲ့ဒီရည်ရွယ်ချက်နဲ့ နောက်ပြီးတော့ စာနယ်ဇင်းမှာ ဖွဲ့စည်းထားတဲ့ စာနယ်ဇင်းကောင်စီမှာ တိုင်းရင်းသား မီဒီယာတွေရဲ့ ကိုယ်စားလှယ်တွေပါဝင်ရေး၊ နောက်ပြီးတော့ မီဒီယာဥပဒေအတွက် ဥပဒေကြောင်း ရေးဆွဲတဲ့အခါမှာ တိုင်းရင်းသား မီဒီယာတွေရဲ့ အခန်းကဏ္ဍပါဝင်ဖို့အတွက် ပြဌာန်းရေးအတွက် အဲ့ဒီအတွက် ရည်ရွယ်ပြီးတော့ ကျင်းပတာဖြစ်တယ်ခင်ဗျ"

ထိုင်းနိုင်ငံ ချုင်းမိုင်မြို့အခြေစိုက် တိုင်းရင်းသား သတင်းဌာန ၁၂ ဖွဲ့ပါဝင် ဖွဲ့စည်းထားတဲ့ BNI (Burma News International) နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့က ဦးဆောင်ပြီး အဲဒီညီလာခံကိုကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီညီလာခံကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်ထံ ခွင့်ပြုချက်တောင်းခံခဲ့ပြီး ပြည်နယ်ဝန်ကြီးချူပ်ရဲ့ ခွင့်ပြုချက်အရ အခုလိုစီစဉ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

တိုင်းရင်းသား မီဒီယာညီလာခံကို ပြည်ထောင်စုအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ ပြည်တောင်စုဝန်ကြီးတွေ၊ မွန်ပြည်နယ်ဝန်ကြီးချူပ်နဲ့ လွှတ်တော်အမတ်တချို့ တက်ရောက်ဖို့ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံတကာက သတင်းမီဒီယာ ကျွမ်းကျင်သူတွေ၊ စာနယ်ဇင်းကောင်စီ(ယာယီ)က တာဝန်ရှိသူတွေ၊ UNESCO၊ ပြည်တွင်း ပြည်ပက မြန်မာ့မီဒီယာတွေ၊ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁ဝဝ လောက်ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။