လယ်ယာမြေ မှတ်ပုံတင် ရရှိအောင် ဆောင်ရွက်ပေးမယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ပြော
2013.07.15
ဧရာဝတီတိုင်းအတွင်း ဖြစ်ပေါ်နေတဲ့ လယ်ယာမြေ အငြင်းပွားမှု ပြဿနာတွေကြောင့် လယ်ယာမြေမှတ်ပုံတင် အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ ဒီကနေ့ ပုသိမ်မြို့မှာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လယ်သမားအရေး ဆောင်ရွက်နေသူတွေ တွေ့ဆုံကြတဲ့ပွဲမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသွားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြောင်းမြမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီဝင် ဦးကြည်ဝင်းက RFAကို အခုလိုပြောပါတယ်။
"လယ်ယာမြေမှတ်ပုံတင်ကတော့ လက်ရှိတော့ လယ်သမားတွေတစ်ဦးချင်း မှတ်ပုံတင်ရှိသေးတုန်းပဲလို့ပြောတာပဲ၊ ဒီနှစ်အတွင်း အမြန်ဆုံးဆောင်ရွက်ပေးမယ်လို့ပြောတယ်၊ မှတ်ပုံတင်ရှိရင်တော့ သားစဉ်မြေးဆက်ကို အမွေဆက်ခံဖို့၊ ပေါင်စားဖို့တော့ ပိုင်ဆိုင်ခွင့်တော့ရမှာပေါ့၊ အခုလယ်ယာမြေကိစ္စတွေက ကိုယ်လုပ်ချင်သလိုလုပ်လို့မရဘူး၊ ဟိုလူ့ပြောင်းပေးရလို့ပေးရ၊ ဒီလူ့ပြောင်းပေးရလို့ပေးရ ပိုင်ဆိုင်ခွင့်ရရင်တော့ ကိုယ့်ဘဝတိုးတက်သလိုတော့ထင်တာပဲ"
အဲဒီဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင် အပါအဝင် အခြားဌာနကဝန်ကြီးတွေပါ တက်ရောက်ကြပြီး လယ်ယာအသိမ်းခံရတဲ့ကိစ္စတွေကို အဓိကဆွေးနွေးတဲ့အပြင် ဓါတ်မြေသြဇာကိစ္စ၊ နည်းပညာပိုင်းဆိုင်ရာကိစ္စနဲ့ စိုက်ပျိုးစရိတ်ချေးငွေကိစ္စတွေကိုပါ ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကို ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မအူပင်၊ မော်ကျွန်း၊ အိမ်မဲ၊ သာပေါင်း၊ ပုသိမ်၊ကန်ကြီးထောင့်၊ ငပုတော၊ ရွှေသောင်ယံစတဲ့မြို့နယ်တွေက လယ်သမားအဖွဲ့အစည်းတွေနဲ့ လယ်သမားနှစ်ရာကျော် တက်ရောက်ကြပြီး ဒေသဖွံ့ဖြိုးရေးကိစ္စတွေပါ ထည့်သွင်းဆွေးနွေးတဲ့အတွက် အခြားလူမှုရေးအဖွဲ့အစည်းတွေပါ တက်ရောက်ကြတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပုသိမ်မြို့တော်ခန်းမမှာ ဆွေးနွေးပွဲပြုလုပ်ခဲ့တာ နဲ့ ပတ်သက်ပြီး
RFA သတင်းထောက် မရတနာဦး တင်ပြထားတာ နားဆင်နိုင်ပါတယ်။