နာရေးကူညီမှုအသင်း ၁၂ နှစ်ပြည့် အခမ်းအနား ကျင်းပ
2013.01.01
နာရေးကူညီမှုအသင်းရဲ့ ၁၂နှစ်တာကာလအတွင်း တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို နာရေးကူညီမှုအသင်းရဲ့ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေက RFA ကို အခုလိုပြောပါတယ်။
"လွန်ခဲ့တဲ့ ၁၂နှစ်တုန်းက ကျမတို့ မြန်မာနိုင်ငံမှာ နိုင်ငံကူညီမှုအလုပ်ကို နှာခေါင်းရှုံ့ခဲ့ကြတယ်၊ အထင်သေးခဲ့ကြတယ်၊ အခုအချိန်မှာတော့ ဒီနာရေးကူညီမှုအလုပ်ကို အမြင့်မြတ်ဆုံး ကုသိုလ်အလုပ်လို့ ခံယူချက်ပြောင်းသွားပြီ၊ အဲဒါက ကျမတို့ရဲ့အောင်မြင်မှု တစ်ခုပါပေ့ါ၊ ကျမတို့နောက်ထပ် လူတွေကို ပရဟိတလုပ်စေဖို့ ကိုယ့်ရဲ့လာဘ်လာဘကို မျှော်ကိုးပြီးဖြစ်စေ၊ သြဇာအာဏာကြီးဖို့ မျှော်ကိုးပြီးဖြစ်စေ၊ နာမည်ကြီးဖို့ ထင်ပေါ်ကျော်ကြားဖို့ဖြစ်စေ ဒီလို မျှော်ကိုးပြီးမလုပ်ပဲနဲ့ တိတိကျကျလိုက်နာနိုင်လာတဲ့အထိ ကျမတို့ ကြိုးစားပြီးလုပ်ပါ့မယ်"
ဒါ့အပြင် နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူ၊ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့က နာရေးကူညီမှုအသင်းက တည်ထောင်ထားတဲ့ မျက်စိဆေးရုံသစ်မှာရှိတဲ့ ခွဲစိတ်လူနာတွေရဲ့ မျက်လုံးပတ်တီးအကာတွေကို ခွါပေးပြီး ဆေးရုံအသစ်ကို ဒီကနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အနုပညာရှင်တွေ ပါဝင်တက်ရောက်ခဲ့ကြပြီး အနုပညာရှင်တချို့နဲ့ အသင်းသူအသင်းသားတွေကလည်း သရုပ်ပြဇာတ်လမ်းတွေ ကပြခဲ့ကြပါတယ်။