နိုင်ငံရေး အာမခံချက်ရရှိရေး NCCT တောင်းဆို


2014.03.03
civil-society-forum-305.jpg ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ မေလ ၃ ရက်နေ့က Civil Society Forum ကျင်းပနေစဉ်
photo: U Nyo Ohn Myint Facebook

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အစိုးရဆီ ပေးပို့ထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းမှာ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအာမခံချက် ရှိတဲ့ ပြည်ထောင်စုတစ်ရပ် ပြန်လည်ထူထောင် ဖို့ တောင်းဆိုထားတယ်လို့ NCCT အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့က ဒီကနေ့ ပြော ပါတယ်။

တိုင်းရင်းသားတစ်ဦးချင်းစီ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် အာမခံချက်ရှိ တဲ့ ပြည်ထောင်စုကို ပြန်လည်ထူထောင်ဖို့ ရည်ရွယ်ချက်တွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းမှာ အခုလို ထည့်သွင်းတောင်းဆိုရတာ ဖြစ်တယ်လို့ ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီကနေ့ကျင်းပတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဖိုရမ် Civil Society Forum For Peace အခမ်းအနားမှာ NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလံျမှုန်းဆာခေါင်က အခုလို ပြောကြားခဲ့တာပါ။

"တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် အဆိုပြုလွှာတင်မှာ၊ ဒီတိုင်းပြည်ရဲ့ ပြဿနာ ဟာ စစ်ရေးပြဿနာ မဟုတ်ဘူး၊ နိုင်ငံရေး ပြဿနာဖြစ်တယ်၊ နိုင်ငံရေးထဲမှာမှ တိုင်းရင်းသား လူမျိုးတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီနည်းတွေ ဆုံးရှုံးတဲ့အတွက်ကြောင့်ဖြစ်တဲ့ အတွက် တိုင်းရင်းသားလူမျိုးတွေ လူတစ်ဦးချင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးသော်၎င်း လူမျိုးအနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးသော်၎င်း နိုင်ငံရေးအာမခံချက်နဲ့ အခုကတည်းက ရည်မှန်းချက်ထား ပြီးတော့ သွားသင့်တယ်လို့ တစ်နိုင်ငံလုံးကို အပစ်အခတ်ရပ်စဲရေး တင်ပြမှာဖြစ်ပါတယ်

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းစီနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်တွေ ရေးထိုးထားပေမယ့် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာဟာ နှစ်ဖက်တပ်တွေ လိုက်နာရမယ့် စစ်တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်တွေကို အစိုးရနဲ့ မချုပ်ဆိုနိုင်သေးတာကြောင့် ဖြစ်တယ်လို့လည်း ဒေါက်တာ ဆလိုင်းလံျမှုန်းဆာခေါင်က ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို NCCT အဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီးဦးခွန်ဥက္ကာ၊ ဒေါက်တာဆလိုင်း လျံမှုန်းဆာခေါင်တို့အပြင် မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေနဲ့ ဦးညိုအုံးမြင့်တို့လည်း တက်ရောက်ပြီး တစ်နိုင်ငံလုံးအပစ်ရပ်ရေးအတွက် လက်ရှိဆောင်ရွက်နေတာတွေကို ရှင်းပြခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့က ဦးဆောင်စီစဉ်တာဖြစ်ပြီး လှုမှုအရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။