လယ်သမားအခွင့်အရေး ညောင်လေးပင်မှာဆွေးနွေး
2011.10.09
ဒီဆွေးနွေးပွဲကို ညောင်လေးပင်မြို့နယ်အတွင်းက မုတ်ခမူ၊ တော်ကသီနဲ့ ဝါးရုံကုန်း တိုက်နယ်က လယ်သမား ၈ဝ လောက် တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ တော်ကသီကျေးရွာက ကိုအေးလွင်က အာအက်ဖ်အေကို အခုလို ပြောပြပါတယ်။
“ကျနော်တို့ဒေသမှာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ကျနော်တို့ လယ်သမားတွေဟာ ဌာနဆိုင်ရာတွေရဲ့ နှိပ်စက်ခံနေရတာကို မပြောရဲ မဆိုရဲ ဖြစ်နေကြတယ်။ လုပ်ငန်းရှင်တွေကတော့ မြို့ပေါ်မှာ အချင်းချင်း နားလည်မှုတွေယူပြီး တောင်သူတွေကို ခြိမ်းခြောက်၊ အနိုင်တွေကျင့်။ ဒီလို အကျင့်စရိုက်တွေနဲ့ ကျနော်တို့ကို နှိပ်စက်နေတဲ့ ဝန်ထမ်းတွေ အများကြီးရှိပါတယ်”
လယ်သမားများနဲ့ တွေ့ဆုံပွဲတွေကို အစပိုင်းမှာ လူသိနည်းပေမယ့် ဆွေးနွေးပွဲတွေရဲ့ ရလဒ်အဖြစ် လယ်သမားတွေအကြား အခွင့်အရေးအကြောင်း ပိုမို သိရှိလာပြီး နယ်မြေကွဲပြားပေမယ့် တကြိမ်ထက်တကြိမ် ဆွေးနွေးပွဲ တက်ရောက်တဲ့ ဦးရေ များလာတယ်လို့ ဆိုပါတယ်။
ဒီလို ဆွေးနွေးပွဲလုပ်တာဟာ ဒေသခံ တောင်သူတွေရဲ့ အခက်အခဲတွေ ခံစားချက်တွေကို သက်ဆိုင်သူတွေ သိရှိအောင် ဆန္ဒ ဖော်ထုတ်ကြဖို့ အကူအညီ ပေးတာလို့ လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်က ပြောပါတယ်။
အခုလ ပထမပတ်အတွင်း ပဲခူးတိုင်း ကဝ၊ လက်ပံတန်း စတဲ့ မြို့နယ်တွေက ကျေးလက်လယ်သမားတွေနဲ့ ဆွေးနွေးပွဲတွေမှာ လမ်းပြကြယ်အဖွဲ့ အပြင် တခြား နိုင်ငံရေးပါတီတွေနဲ့ လူထုအခြေပြု အကူအညီပေးရေး ဆောင်ရွက်နေသူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
နောက်ရက်တွေမှာ ပဲခူးတိုင်းပြင်ပ ပထမဆုံး ဆွေးနွေးပွဲအဖြစ် မန္တလေးတိုင်း ရမည်းသင်းခရိုင်၊ စည်းခုံရွာကို သွားရောက်ပြီး တွေ့ဆုံ ဆွေးနွေးပွဲလုပ်မယ်လို့ သိရပါတယ်။