ဧက ၅၀အထိ ပိုင်ဆိုင်တဲ့ တောင် သူတစ်ဦးကို ကျပ်သန်း ၅၀ အထိ ချေးငွေ ထုတ်ပေးမည်
2016.11.30

လယ်ယာမြေ ဧက ၅၀ အထိပိုင်ဆိုင်တဲ့ တောင်သူလယ်သမားတစ်ဦးကို ကျပ်သန်း ၅၀ အထိ ချေးငွေ ထုတ်ပေး သွား မှာကြောင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာ အောင်သူက ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ ပြောပါတယ်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ထားတဲ့ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီထံကနေ ဂျပန်ယန်း သန်းပေါင်း ကိုးသောင်းလေးထောင်နီးပါး ချေးယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ထံ ရှင်းလင်းတင်ပြရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောခဲ့တာဖြစ်ပါတယ်။
ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံကနေ ချေးယူမယ့်ငွေတွေထဲက မြန်မာ့လယ်ယာ ကဏ္ဍဖွံံံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဂျပန်ယန်းသန်းပေါင်း တစ်သောင်းငါးထောင်ကျော်ကို စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက အသုံးပြုသွားမှာဖြစ်ပါတယ်။
ဝန်ကြီးဌာနက အကောင်အထည်ဖော်မယ့် လယ်ယာကဏ္ဍနဲ့ ကျေးလက်ဒေသဖွ့ွံဖြိုးရေးစီမံကိန်းကို လာမယ့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် မှာ နေပြည်တော်ကောင်စီနယ်မြေ ၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးအနောက်ဖက်ခြမ်းမှာ စတင်မှာဖြစ်ပြီး နောက်နှစ်မှာ မွန်ပြည်နယ်၊ ရှမ်းပြနယ်တောင်ပိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း ဒေါက်တာအောင်သူက ပြောပါတယ်။
အဲဒီချေးငွေဟာ အတိုးနှုန်း သုည ဒသမ သုညတစ် ရာခိုင်နှုန်းဖြစ်ပြီး ပြန်ဆပ်ရမယ့်ကာလမှာ ဆိုင်းငံ့ကာလ အပါအဝင် နှစ်ပေါင်း လေးဆယ်နဲ့ အတိုးကို တစ်နှစ် နှစ်ကြိမ်ပေးသွင်းရမှာဖြစ်ပါတယ်။
အဲဒီချေးငွေတွေနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနက တိုင်းနဲ့ပြည်နယ်တွေမှာ လမ်းနဲ့တံတား စီမံကိန်းတွေအတွက် အသုံးပြုမှာဖြစ်သလို၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းကိုအကောင်အထည်ဖော်မယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကလည်း တိုင်းနဲ့ပြည်နယ်တွေနဲ့ မြို့ကြီးတွေအတွက် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးလုပ်ငန်းတွေကိုအသုံးပြုသွား မှာဖြစ်ကြောင်းနဲ့ ရန်ကုန်မြို့ ရေပေးဝေရေးလုပ်ငန်းအတွက်လည်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ က ပြည်ထောင်စု လွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ အဲဒီချေးငွေထဲကနေ တောင်သူလယ်သမားတွေနဲ့ လယ်ယာစီးပွားရေး လုပ်ငန်းရှင်တွေကို တစ်နှစ်ကို အတိုးနှုန်း ၈ ရာခိုင်နှုန်းနဲ့ ချေးပေးသွားမှာဖြစ်ပါတယ်။