ထွန်တုံးတိုက်ပွဲဝင် လယ်သမား ၇ ဦးကို ထောင်တစ်လစီ ချမှတ်


2014.05.24
nargis_farmer_305px.jpg လယ်ကွင်းအတွင်းမှာထိုင်နေတဲ့ လယ်သမားတစ်ဦးပုံ
Photo: AFP

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် တရားရုံးက လယ်သမား ၇ ယောက်ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွား ပျက်စီးစေမှု ပုဒ်မတွေနဲ့ မနေ့က ထောင် ဒဏ် တစ်လစီ ချမှတ်လိုက်ပါတယ်။

ပန်းတနော်မြို့နယ် ပြလင်းချောင်းကြီး၊ ထိန်ကုလားကုန်း၊ ကျခတ်တောကျေးရွာတွေက လယ်သမား ၇ ယောက်ကို ဖိုးလမင်းကုမ္ပဏီပိုင် လယ်မြေတွေမှာ ဝင်ရောက်ထွန် ယက်ခဲ့တဲ့အတွက် ပန်းတနော် တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့တာလို့ လယ်သမားမိသားစုဝင် ကိုချမ်းမင်းစိုး က ပြောပါတယ်။

"ဖိုးလပြည့် ကုမ္ပဏီကနေပြီးတော့ ဧက ၂၄၀၈ ဧကကို သိမ်းယူလိုက်ပါတယ်၊ ထွန်ယက်စိုက်ပျိုးခြင်းမရှိဘဲနဲ့ ငါးကိုပဲ ဦးစားပေးလုပ်ပြီး လယ်ယာမြေ အခန်းကဏ္ဍ များကို ဖွံ့ဖြိုးတိုးတက်အောင်မလုပ်ဘူး၊ အခြားတောင်သူတွေကို အကျိုးတူဆိုပြီး သီးစားချပြီးလုပ်ပါတယ်၊ မိမိတို့ လယ်ယာမြေတွေကို မိမိတို့ပြန်လည်လုပ်ကိုင်လိုတဲ့ ဆန္ဒပြင်းပြပြီး မိမိတို့ကိုယ်တိုင် ပြန်လည်ထွန်ယက်စိုက်ပျိုး ကြပါတယ်၊ မြို့နယ်တရားရုံးက တရားစွဲပြီး ထောင်သူ ၇ ဦးကို ထောင် ၁ လစီချလိုက်ပါတယ်"

ပန်းတနော်မြို့နယ်မှာ လယ်ဧကပေါင်း ၂၄၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်လောက်က အစိုးရက ရေနက်ကွင်းဖော် ထုတ်ရေး စီမံကိန်းဆိုပြီး လျော်ကြေးမပေးဘဲ သိမ်းခဲ့တာလို့လည်း လယ်သမားတွေက ပြောပါတယ်။ ဖိုးလမင်း ကုမ္ပဏီက အစိုးရထံက ပြန်လည်ရယူထားပြီး ငါးမွေးတဲ့ အင်းတွေ လုပ်ကိုင်နေတာလို့လည်း သိရပါတယ်။

အင်းလုပ်ငန်းလုပ်ရာမှာ လယ်မြေအားလုံးမဟုတ်ဘဲ လယ်ဧကအတော်များများကို လယ်သမားတွေကို သီးစားချလုပ်ကိုင်ခွင့် ပေးထားတယ်လို့လည်း သိရပါတယ်။ ထောင်ဒဏ်တစ်လစီ ချမှတ်ခံရတဲ့ လယ်သမား ၇ ယောက်ဟာ ပြီးခဲ့တဲ့နှစ်က ဝင်ရောက်ထွန်ယက်ခဲ့ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပန်းတနော်မြို့နယ်မှာ ဖိုးလမင်းကုမ္ပဏီက တရားစွဲဆိုထားတဲ့ လယ်သမား ၂၀ လောက်ရှိပြီး ကျန်တဲ့လယ်သမား ၁၃ ယောက်ဟာ လာမယ့် ၂၈ ရက်နေ့မှာ အလားတူပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။