လျှပ်စစ်ဝန်ကြီးဌာန သိမ်းယူမြေတွေ အတွက် လျော်ကြေးမရရှိသေး
2013.11.23
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာအုပ်စု၊ မြစိမ်းရောင်ကျေးရွာမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် အခုထိလျော်ကြေးမရသေးဘူးလို့ လယ်သိမ်းခံ လယ်သမားတွေက ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားလိုက်ပါတယ်။
လယ်သိမ်းခံရမှုအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အပါအဝင် အစိုးရတာဝန်ရှိသူတွေကို တိုင်ကြားတာတွေရှိခဲ့ပေမယ့် ခုချိန်ထိ ဖြေရှင်းပေးတာ မရှိသေးဘူးလို့ လယ်သိမ်းခံလယ်သမား ဦးဇော်လင်းအောင်က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။
“ရန်ကုန်တိုင်း မြန်မာ့လျှပ်စစ်ဝန်ကြီးဌာနက သိမ်းဆည်းထားတဲ့ လယ်ယာမြေနဲ့ ပတ်သက်ပြီး ၁ဝ လပိုင်း ၄ ရက်နေ့ ဝန်ကြီးဌာနငါးခုကို တင်ပြတဲ့အခါမှာ လျှပ်စစ်ဝန်ကြီးဌာနက လာရောက်စစ်ဆေးမေးမြန်းပြီး ကျနော်တို့ကို ဘာတစ်ခုမှ သူတို့တုန့်ပြန်မှုမရှိဘူး၊ ကျနော်တို့ကို နစ်နာကြေးလည်းမပေးဘူး၊ အဖြူအမည်း မသဲကွဲလို့ ကျနော်တို့က သတင်းစာရှင်းလင်းပွဲ လုပ်ရတာပါ”
လယ်သမားရှစ်ဦးပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၃၀ ကျော်ကို လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ်ဓါတ်အားခွဲစက်ရုံ တည်ဆောက်ဖို့အတွက်ဆိုပြီး ၂၀၀၄ ခုနှစ်အတွင်း သိမ်းယူခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။
ဒီအတောအတွင်း ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ သက်တမ်းတစ်နှစ်ကျော် ကြာလာပြီဖြစ်ပေမယ့် လယ်ယာမြေပြဿနာတွေ ဖြေရှင်းနိုင်မှုမရှိသေးတဲ့အပေါ် ဝေဖန်မှုတွေ အမျိုးမျိုးပေါ်ထွက်ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သတ်လို့ RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။