အထက်မြန်မာပြည် တောင်သူ လယ်သမား ညီလာခံ ကျင်းပ
2013.12.17
တောင်သူလယ်သမားနဲ့ အလုပ်သမားအဖွဲ့တွေရဲ့ ပထမဆုံးအကြိမ် အထက်မြန်မာပြည် တောင်သူလယ်သမား ညီလာခံကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့ ပြည်သူ့ခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားတွေကို ဥပဒေအရ အကာအကွယ်နိုင်ရေးအတွက် ညီလာခံကို ကျင်းပရတာဖြစ်ကြောင်း အခမ်းအနားတက်ရောက်ခဲ့တဲ့ ရန်ကုန်မြို့ အခြေစိုက် ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးအဖွဲ့က ဒေါက်တာသောင်းထွန်းက RFA ကိုပြောပါတယ်။
“တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးတွေ သိရှိဖို့ပေါ့၊ ဒီသီးနှံတွေကို လွတ်လွတ်လပ်လပ် စိုက်ပျိုးခွင့်၊ ထုတ်လုပ်ရောင်းဝယ် ဖောက်ကားခွင့်တွေ၊ နောက်ကျတော်တို့ တောင်သူလယ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်တွေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ရေသယံဇာတပေါ့ ဒါတွေကို နိုင်ငံတော်က ပံ့ပိုးပေးဖို့ကိစ္စပေါ့နော်၊ သီးနှံအာမခံ ထားရှိခွင့်တွေ၊ ကျနော်တို့ သင့်တင့်မျှတတဲ့ ဈေးနှုန်းရရှိဖို့ရယ် ဒါတွေဟာ အခုဆိုရင် ဥပဒေအရ ပြဌာန်းထားတဲ့ အခွင့်အရေးတွေဖြစ်တယ်၊ နောက်တစ်ခုက မြေယာသိမ်းဆည်းမှုတွေကနေ ကာကွယ်ခွင့်”
ပြည်ထောင်စု လွှတ်တော်က ပြဌာန်းထားတဲ့ တောင်သူလယ်သမား အခြေခံအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဌာန်းချက်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် လယ်ယာမြေ အငြင်းပွားမှု၊ သီးနှံတွေ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းချခွင့် စတဲ့ အခွင့်အရေးတွေကို တောင်သူလယ်သမားတွေက အဖွဲ့အစည်းတွေဖွဲ့စည်းပြီး တောင်းဆိုရယူနိုင်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။
ဒီနေ့ ညီလာခံကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်က တောင်သူလယ်သမား တစ်ထောင်လောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီညီလာခံအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။