ရေတပ်က သိမ်းထားတဲ့ လယ်မြေတွေ ပိုင်ရှင်ပြန်တောင်း


2014.01.06

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောကျေးရွာအုပ်စု ရဲရိုးပြင်ကျေးရွာမှာ တပ်မတော်(ရေ)က သိမ်းဆည်းထားတဲ့ လယ်ယာမြေဧကပေါင်း ၅၀ ကျော်ကို ပြန်ပေးဖို့ တောင်သူတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး ဒီကနေ့ရက်စွဲနဲ့ စာရေးသားပေးပို့လိုက်ပါတယ်။

လယ်ယာမြေသိမ်းဆည်းခံခဲ့ရတဲ့ ရဲရိုးပြင်ကျေးရွာတောင်သူ ၈ ဦးက စစ်တွေမြို့အခြေစိုက် အမှတ်- ၁၇ ၊ တပ်မတော်ရေတပ်ဌာန တာဝန်ရှိသူတွေကို ဒီကနေ့ မနက်ပိုင်းက ကိုယ်တိုင်သွားရောက်ပြီး တွေ့ဆုံဖို့ကြိုးစားခဲ့ပေမယ့် ရေတပ်တာဝန်ရှိသူတွေက တွေ့ဆုံဖို့ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအတွက် တောင်သူတွေဘက်က လယ်ယာမြေတွေ ပြန်လည်ရရှိရေး တောင်းဆိုတဲ့စာကို စာတိုက်ကနေတစ်ဆင့် ပေးပို့ခဲ့ရကြောင်း တောင်သူတစ်ဦးက RFA ကိုပြောပါတယ်။

“လယ်မြေသိမ်းဆည်းခံလိုက်ရတဲ့ လယ်သမားတွေရဲ့ဘဝက အလွန်တရာ ထိခိုက်နစ်နာတယ်ခင်ဗျ၊ သားသမီးတွေဆို ပညာရေး တစ်ပိုင်းတစ်စနဲ့ လမ်းဘေးကို ရောက်သွားတာတွေက အများကြီးပေါ့နော်၊ ဒါနဲ့ကျနော်တို့ လယ်သမားတွေက အဲဒီလယ်ကို ပြန်ပြီးတော့ လုပ်ကိုင်လို့တဲ့အတွက် မနက်က အမှတ် ၁၇ ရေတပ်စခန်းကိုသွားပြီး စာပို့တဲ့အခါ အဲဒီကတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကပေါ့နော် သူတို့ရဲ့ဗိုလ်မှူးနဲ့ တွေ့ခွင့်မပေးတဲ့အတွက် ကျနော်တို့ အဲဒီစာကို စစ်တွေစာတိုက်ကြီးကတဆင့် သွားပို့လိုက်ရပါတယ်”

ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာက တောင်သူတွေပိုင်ဆိုင်တဲ့ လယ်ယာမြေဧကပေါင်း ၅၄ ဧကကို ဓညဝတီ ရေတပ်စခန်းဌာနချုပ်က လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်လောက်က လိုင်းခန်းတွေ ဆောက်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လျော်ကြေးတစ်စုံတစ်ရာမပေးဘဲ သိမ်းပိုက်ခဲ့တာလို့ လယ်သမားတွေကပြောပါတယ်။

ဒါပေမဲ့ တပ်မတော်ရေတပ်အနေနဲ့ အဆောက်အဦး တစ်စုံတစ်ရာ ဆောက်လုပ်တာမရှိဘဲ သိမ်းဆည်းခဲ့တဲ့နှစ်ကစတင်ပြီး လွန်ခဲ့တဲ့၂၀၀၈ ခုနှစ်လောက်အထိ လယ်သမားတွေကို သီးစားခတောင်းပြီး ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။