ငါန်းဇွန်မှာ လယ်သိမ်းခံတောင်သူ ၉ ဦး တရားစွဲဆိုခံရ
2014.09.26
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မှာ မြို့သာစက်မှုဇုန်နဲ့ ဂေါက်ကွင်းဖော်ဆောင်ဖို့ အတွက် သိမ်းဆည်းထားတဲ့ လယ်ဧက တစ်သောင်းကျော်မှာ ဝင်ရောက်စိုက်ပျိုးလို့ဆိုပြီး တောင်သူ ၉ ဦးကို ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး ဒုတိယဦးစီးမှူးက ကျူးကျော်ဝင်ရောက်မှု၊ အကျိုး စီးပွားဖျက်ဆီးမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မတွေနဲ့ ဒီနေ့ တရားစွဲလိုက်ပါတယ်။
တောင်သူ ၉ ဦး ဖမ်းဆီးတရားစွဲခံရတာနဲ့ ပတ်သက်ပြီး တောင်သူတွေရဲ့ ရှေ့နေ ဒေါ်သဲစုဝေက အခုလို ပြော ပါတယ်။
"ပထမဆုံးစပြောတာက သူကလျော်ကြေးထဲမှာ ယူထားတာမပါဘူး၊ သူ့မြေပေါ်ကို စက်မှှုဇုန်ကနေ ပြီးတော့ ဘူဒိုဇာနဲ့ထိုးတယ်၊ အဆောက်အဦးတွေလည်းဆောက်တယ်၊ သီးနှံတွေလည်းဖျက်ပစ် လို့ဆိုပြီးတော့ ဦးရွှေထွန်းကနေပြီးတော့ တရားစစွဲလိုက်တာ၊ ၄၄၇ နဲ့ စွဲလိုက်တာ ၂၃ ရက်နေ့ကို ကျတော့ သူတို့တောင်သူ ၉ ယောက်ကို ဒုဦးစီး ဦးကျော်မြင့်ကနေပြီးတော့ တရားစစွဲတာ၊ဒီတောင်သူ ၉ ဦးက အမှှုနဲ့ပတ်သက်ပြီးတော့တဲ့ ဒီဟာကိုကျူးလွန်ထားတာ၊ ဖောက်ဖျက်ထားတာမရှိဘူးတဲ့ အဲ့ဒါကြောင့် ဒီအမှှုကို ပယ်ချတယ် ဆိုပြီးတော့ တရားသူကြီးကပယ်လိုက်တာ ၂၃ ရက်နေ့ကပဲ၊ ဒီနေ့မှ ၂၆ ရက်နေ့ပဲရှိသေးတယ် တရားသူကြီးပြောင်းသွားတာ၊ ပြောင်းသွားပြီး ဒီနေ့မှာနောက်ထပ် သူတို့စွဲတင်လိုက်တဲ့အခါကျတော့ အဲ့ဒီပုဒ်မ ၅ ခုနဲ့ပဲတင်တယ်၊ အဲ့ဒီတရားသူကြီးက ဒီအမှှုကိုလက်ခံပြီးတော့ ၅၀၅(ခ) က တောင်သူတွေ အာမခံလျောက်တာကို အာမခံထုတ်မပေးပဲနဲ့ တောင်သူတွေကို တခါတည်း ဖမ်းခေါ်ထားလိုက်တာ"
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မေလလောက်က MMDC အများပိုင်ကုမ္ပဏီက မြို့သာစက်မှုဇုန်နဲ့ ဂေါက်ကွင်း ဖော်ဆောင်ဖို့ ဆိုပြီး ရွာ ၁၄ ရွာက လယ်ဧက တစ်သောင်းကျော်ကို သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လယ်ယာမြေတစ်ဧကအတွက် သိန်း ၂၀ နဲ့ ၅ သိန်းဆိုပြီး နှစ်မျိုးခွဲပြီး လျော်ကြေးပေးခဲ့ပေမဲ့ လက်မခံတဲ့ တောင်သူ ၃၀၀ ကျော်ရှိတယ်လို့ တောင်သူတွေက ဆိုပါတယ်။
ဒီနှစ် မတ်လမှာ စီမံကိန်းအကောင်အထည်ဖော်ဖို့ လုပ်ငန်းစတင်တဲ့အခါ လျော်ကြေးမယူထားတဲ့ တောင်သူတွေ နဲ့ ပြဿနာဖြစ်ခဲ့ကြတာလို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ တောင်သူ ၉ ဦးကို လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးဖို့ ငါန်းဇွန်မြို့နယ် တရားရုံးက ချိန်းဆိုလိုက်ပါတယ်။