လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်
2012.07.30
တောင်သူ လယ်သမားတွေရဲ့ အခက်အခဲကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ တာဝန်ခံတွေက အဲဒီ ခမရ ၁၄၈ က မြေသိမ်းယူခံထားရတဲ့ လယ်ပိုင်ရှင် ဒေသခံ လယ်သမားတွေနဲ့ တွေဆုံဆွေးနွေးတဲ့ နေ့မှာပဲ အခုလို ထုတ်ပြန်လိုက်တာလို့ ကျောက်လှည်းဘီးရွာက လယ်သမားကြီး ဦးဝင်းကြိုင်က ပြောပါတယ် ။
"ကျွန်တော်တို့ ကျောက်လှည်းဘီးရွာမှာ ၁၄၄ ကို ၂၆ ရက်နေ့က ထုတ်ပါတယ်ခင်ဗျ။ သူတို့ ပိတ်ထားတဲ့ လယ်တွေ ကျွန်တော်တို့က လုပ်မလို့ လုပ်တဲ့အခါကျတော့ ၁၄၄ အမိန့်ထုတ်တယ်။ တောထဲကို နေ့လည်နေ့ခင်း မြစ်မချိုးရဘူး။ ဝါးမခုတ်ရဘူး။ အဲတာတွေ ပိတ်ပင်တားမြစ်တယ်ဗျ။ သူတို့က ပစ်မယ်၊ ခတ်မယ်ပေါ့။ အဲဒီလိုမျိုး။ ကျွန်တော်တို့ရဲ့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတယ်ခင်ဗျ"
ကျောက်လှည်းဘီးရွာ လယ်သမားတွေ ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေ ဧက ၃၀၀ ကျော်ကို ခမရ ၁၄၈ က ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ သိမ်းယူခဲ့တယ်လို့ပြောပါတယ်။ အဲဒီနောက် ဒေသခံတောင်သူတွေကို တစ်ဧကကို စပါး ၁၄ တင်းနှုန်းနဲ့ သီးစားပြန်ချပေးခဲ့တဲ့ အတွက် လယ်သမားတွေက သီးစားခနဲ့ မိမိတို့လယ်တွေမှာ ဆက်လက် လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီနှစ် မိုးရာသီမှာတော့ တပ်က လုံး၀ လုပ်ကိုင်ခွင့် မပေးတော့ဘူးလို့ လယ်သမားတွေအရေး လိုက်ပါကူညီပေးနေတဲ့ သပိတ်ကျင်း NLD အဖွဲ့ဝင် ကိုအေးသိန်းက ပြောပါတယ်။
"၂၆ ရက်နေ့က ကျွန်တော်တို့ ကျောက်လှည်းဘီးရွာကို သွားကြပါတယ်။ အဲတာ တရားဥပဒေနဲ့အညီ တင်မယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်မယ်ဆိုပြီးတော့မှ လက်မှတ်တွေထိုးကြတယ်။ ၅ နာရီခွဲ အချိန်မှာ ခမရ ၁၄၈ ကနေပြီးတော့မှ ၁၄၄ အမိန့်ထုတ်လိုက်ပါတယ်။ လယ်တွေ၊ ယာတွေ၊ မြေတွေ အသိမ်းခံလိုက်ရပြီးတော့မှ လယ်မဲ့ ယာမဲ့ ဖြစ်နေတဲ့ လယ်သမားကြီးတွေက အခု မြစ်ချိုးစားရတယ်ဗျာ။ ဝါးခုတ်စားရတယ်ဗျာ။ အဲဒီ ၁၄၄ အမိန့်ထဲမှာ နေ့လည်ခင်းကြီးတောင်မှ၊ မြင်သာထင်သာ ရှိတဲ့ အချိန်တောင်မှ ဝါးမခုတ်ရ၊ မြစ်မချိုးရဆိုတဲ့ အမိန့်ထုတ်လိုက်တဲ့ အခါမှာ တစ်ရွာလုံးက ထမင်းချက်ဖို့ တောင်ခက်သလိုနေပြီ အခုဟာက"
ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်နဲ့ အစိုးရ ဝန်ကြီးအဖွဲ့နဲ့ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းထံကို တင်ပြမယ်လို့ ပြောပါတယ်။