လယ်ယာမြေပေါ် ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ လယ်သမား ဓားပြမှုနဲ့ စွဲဆိုထား

ရခိုင်ပြည်နယ် ပေါက်တောမြို့ရဲ့တောင်ဘက် ၈ မိုင်အကွာ ဆင်ပိုက်ကျေးရွာက လယ်သမား ၁၄ ဦးဟာ သိမ်းယူခံထားရတဲ့ သူတို့ရဲ့ လယ်ယာမြေတွေပေါ်မှာ ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင် ၅ ဦးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၉၅ ဓားပြမှုနဲ့ စွဲဆိုထားပြီး အာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေကြောင်း RFA က စုံစမ်းသိရပါတယ်။

2012.09.03
farmer-plough-305 လယ်ထွန်နေတဲ့ လယ်သမားသားအဖကို တွေ့ရစဉ်
AFP

အဲဒီ တရားစွဲဆိုခံထားရတဲ့ လယ်သမား ၁၄ ဦးထဲက ဦးထွန်းအောင်ဆိုသူကို အာဏာပိုင်တွေက ဖမ်းဆီးရမိသွားပြီ ဖြစ်ပြီး ကျန် ၁၃ ဦးကိုတော့ ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေဆဲ ဖြစ်တယ်လို့ ထွက်ပြေး တိမ်းရှောင်နေတဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။

ပေါက်တောမြို့နယ် ဆင်ပိုက်ကျေးရွာ ဆည်မြောင်း တာတမံထဲမှာ ရှိနေတဲ့ လယ်မြေ ဧကပေါင်း ၇၀၀ ကျော်ကို ၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ အာဏာပိုင်တွေနဲ့ စီးပွားရေးသမားတွေက အဓမ္မ သိမ်းယူသွားခဲ့ပြီး ဆားကွင်းနဲ့ ပုစွန်ကန်တွေအဖြစ် အသုံးချ လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလယ်ယာမြေတွေကို ဆင်ပိုက်ရွာနဲ့ အနီးဝန်းကျင်က လယ်သမား ၅၀ လောက်က ဘိုးဘေးစဉ်ဆက်အရ လုပ်ကိုင်လာခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က စတင်ပြီး အဲဒီလယ်သမားတွေက လယ်ယာမြေတွေ အပေါ်မှာ စပါးတွေကို ပြန်လည်ထွန်ယက် စိုက်ပျိုးခဲ့ပါတယ်။

ဒါပေမယ့် ဆားကွင်းတွေအတွက် အသုံးပြုနေတဲ့ ရေသွင်း ရေထုတ်ပြွန်တွေကြောင့် စပါးခင်းတွေ ပျက်စီးရတာနဲ့ ပတ်သက်ပြီး ဒီနှစ်အတွင်းမှာ နိုင်ငံတော် သမ္မတဆီကို ၁ ကြိမ်၊ ပြည်နယ် အစိုးရကို ၃ ကြိမ်ထိ တင်ပြခဲ့ကြပေမယ့် ဘာမှ ထူးခြားမလာတာကြောင့် ပြီးခဲ့တဲ့ မတ်လအတွင်းက အဲဒီ လယ်သမားတွေက ရေသွင်း ရေထုတ်ပြွန်တွေကို စပါးခင်းတွေ မပျက်စီးစေဖို့ လိုက်ပိတ်ခဲ့တယ်။

ဒါနဲ့ပတ်သက်လို့ လုပ်ငန်းရှင် တွေက အဲဒီလယ်သမား ၁၄ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၉၅ ဓားပြမှုနဲ့ တရားစွဲဆိုပြီး လိုက်လံဖမ်းဆီးနေတာ ဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။

အခုလို လယ်သမားတွေက လိုက်လံ ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး စက်တင်ဘာလ နောက်ဆုံးပတ်မှာ ကျင်းပမယ့် ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မေးမြန်းသွားဖို့ ရှိတယ်လို့လည်း ပေါက်တောမြို့နယ် မဲဆန္ဒနယ်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။