ရခိုင်သံဃာတော်အမှု မိသားစုကြားနာခွင့်ပိတ်
2010.08.30
“ရဲအရာရှိက အတင်းအကျပ်လုပ်လို့ ဘာမှ အဆက်အသွယ် မရခဲ့ပါဘူးခင်ဗျာ၊ အဲဒီမှာနေပြီးတော့ စခန်းမှူးတယောက်ကယ်၊ တရားရုံးမှာ စခန်းမှူးရာထူးပေါ့၊ နှစ်ပွင့်ပေါ့နော်၊ အဲဒီတယောက်ကနေပြီးတော့ ရှိနေပါတယ်။ အပြင်လာတဲ့လူကို အစစ်အဆေးတွေ များလွန်းလို့ ကျွန်တော်တို့ ဘယ်သူမှ နားထောင်ခွင့် မရပါဘူးခင်ဗျာ။”
ဆရာတော် ဦးပညာစာရကို ဒီကနေ့ စတုထ္ထအကြိမ်မြောက် ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဆရာတော်ကို တတိယအကြိမ်အဖြစ် သြဂုတ်လ ၂၄ ရက်နေ့က ရုံးထုတ် စစ်ဆေးခဲ့ရာမှာ ပြင်ပလူတွေကို နားထောင်ခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။ ဆရာတော်ဟာ သမိုင်းသုတေသီ မဟုတ်ကြောင်း စစ်အစိုးရဖက်က စွပ်စွဲထားချက်ကို ဆရာတော်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က အထောက်အထားနဲ့ တကွ တရားရုံးကို ရှင်းလင်း တင်ပြထားတယ်လို့ သိရပါတယ်။။
သက်တော် ၅၇၊ ဝါတော် ၃၇ ရှိတဲ့ ဆရာတော် အရှင် ဦးပညာစာရဟာ စစ်တွေထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။
ဆရာတော်ကို စစ်အစိုးရက ဘာသာသာသနာ ညှိုးနွမ်းစေမှု၊ သာသနာ့မြေကို ငှားရမ်း အသုံးပြုမှု၊ နိုင်ငံတည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု စတဲ့ ပုဒ်မ ၇ ခုတပ် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။