စစ်ကောင်စီကို အွန်လိုင်းပေါ်မှာ ဝေဖန်လို့ တစ်ပတ်အတွင်း လူ ၂၀ ဖမ်းဆီးခံရ

RFA Burmese
2023.09.24
စစ်ကောင်စီကို အွန်လိုင်းပေါ်မှာ ဝေဖန်လို့ တစ်ပတ်အတွင်း လူ ၂၀ ဖမ်းဆီးခံရ မိုဘိုင်းဖုန်းဖြင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်အသုံးပြုနေသူတစ်ဦးအား ၂ဝ၂၁ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
AFP

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ စစ်ကောင်စီကို ဝေဖန်ခဲ့တဲ့အတွက် စက်တင်ဘာလ ၁၆ ရက်ကနေ ၂၂ ရက်အထိ တစ်ပတ်အတွင်း အရပ်သား ၂၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

နိုင်ငံတော်တည်ငြိမ်းရေးကို ပျက်ပြားအောင်လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရပ်သားတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူတွေဟာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက အမျိုးသား ၁၆ ဦး နဲ့ အမျိုးသမီး လေးဦး ပါဝင်ပါတယ်။

ရန်ကုန်တိုင်းက ကိုးဦး၊ မန္တလေးတိုင်းက လေးဦး၊ မွန်ပြည်နယ်က လေးဦး၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက တစ်ဦးစီ ဖမ်းဆီးခံရတာပါ။

ဖမ်းဆီးခံရသူတွေကို ဘယ်လို ပုဒ်မတွေနဲ့ အရေးယူမယ်ဆိုတာ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။

ဒါပေမဲ့ အခုလို ဖမ်းဆီးခံရသူတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က) စတာတွေနဲ့ အရေးယူခံရနိုင်တယ်လို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ပြည်သူ ၁၉၂၆၀ ဦး ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။