မူမမှန်တဲ့ မြန်မာစာမျက်နှာ နှစ်ရာကျော်ကို Facebook ကုမ္ပဏီပယ်ဖျက်


2019.08.22
facebook-remove-622.jpg ဖေ့စ်ဘွတ်ကနေ ဖယ်ရှားလိုက်တဲ့ စာမျက်နှာတွေကို တွေ့ရစဉ်
Photo: FB

မြန်မာနိုင်ငံမှာ လူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လူမှုကွန်ရက်မှာ စုပေါင်းလှုံ့ဆော်နေတဲ့၊ မူမမှန်တဲ့ စာမျက်နှာတွေကို ဖယ်ရှားလိုက်တယ်လို့ Facebook ကုမ္ပဏီက သြဂုတ်လ ၂၁ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

Facebook အကောင့် ၈၉ ခု၊ စာမျက်နှာ ၁ဝ၇ ခု၊ Facebook အုပ်စု ၁၅ ခုနဲ့ Instagram အကောင့် ၅ ခုကို ဖယ်ရှားလိုက်တာဖြစ်ပြီး၊ အခုလိုဖယ်ရှားလိုက်တာဟာ သူတို့တင်တဲ့ အကြောင်းအရာတွေကြောင့် မဟုတ်ဘဲ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကြောင့် ဖယ်ရှားခဲ့တာလို့ ဆိုပါတယ်။

အခုပိတ်ပင်လိုက်တဲ့ စာမျက်နှာတွေ အကောင့်ပိုင်ရှင်တွေဟာ သူတို့ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖုံးကွယ်ထားပေမယ့် မိမိတို့စုံစမ်းချက်အရ အခုလို လှုံ့ဆော်နေတဲ့ တချို့စာမျက်နှာတွေ၊ အကောင့်တွေဟာ မြန်မာ့တပ်မတော်နဲ့ ပတ်သက်နေတယ်ဆိုတာကို တွေ့ခဲ့ရတယ်လို့လည်း ဖေ့စ်ဘွတ် ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

အဲဒီစာမျက်နှာတွေကနေ ရာဇဝတ်မှုဆိုင်ရာ သတင်းတွေ၊ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေး၊ ထင်ပေါ်ကျော်ကြားသူတွေရဲ့ အတွင်းရေးတွေ၊ တပ်မတော်ဆိုင်ရာ သတင်းတွေကို သူတို့လိုသလို ပြောင်းလဲပြီး  ဖော်ပြခဲ့ကြတယ်လို့ ဖေ့စ်ဘွတ်ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

Facebook ကို အသုံးချပြီး လူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် လှည့်စားတာတွေကို ရှာဖွေစုံစမ်းပြီး ရပ်တန့်သွားအောင် တားဆီးဖို့ အစဉ်တစိုက် ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကလည်း အလားတူ မူမမှန်တဲ့ စာမျက်နှာတွေ၊ အုပ်စုတွေကို ဖယ်ရှားခဲ့ပြီး အဲဒီအထဲမှာ Senior General Min Aung Hlaing/ ငွေတာရီ၊ မြဝတီ စတဲ့နာမည်တွေနဲ့ အကောင့်တွေ ပါဝင်တယ်လို့ Facebook ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို Facebook ကို မမှန်မကန် အသုံးချတဲ့လုပ်ရပ်တွေကို ဖော်ထုတ်ရှင်းလင်းဖို့အတွက် ပိုမိုကောင်းမွန်တဲ့ နည်းပညာတွေ ဖန်တီးပြီး စောင့်ကြည့်မယ့် ဝန်ထမ်းတွေကိုလည်း တိုးချဲ့ ခန့်အပ်တာထားတယ်လို့ Facebook ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။