အမုန်းတရား ပြန့်ပွားမှု တားဆီးရေး ဖေ့စ်ဘွတ် ကြိုးပမ်း
2018.07.13
မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်လူမှုမီဒီယာကို အသုံးပြုပြီး အမုန်းတရားနဲ့ မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်နေတာတွေကို တားဆီးရေးအတွက် အပြင်းအထန် ကြိုးစားနေတယ်လို့ ဖေ့စ်ဘွတ်ကုမ္ပဏီ အရာရှိတွေက ပြောပါတယ်။
အမေရိကန် နိုင်ငံရေးအသိုင်းအဝန်းမှာ ထင်ရှားတဲ့ The Hill အင်တာနက်ဝက်ဆိုဒ်မှာ ကြာသပတေးနေ့ ဖေါ်ပြချက် အရဆိုရင် မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ကို သုံးစွဲပြီး ဘာသာရေးနဲ့ လူမျိုးရေးအရ အမုန်းတရားတွေ ပြန့်ပွားအောင် အသုံးပြုခဲ့ကြတာကို တားဆီးရန် နှောင့်နှေးခဲ့မှုအတွက် ဖေ့စ်ဘွတ်ကုမ္ပဏီဟာ အတော်ဖိအားပေး ခံနေရပါတယ်။ အဲဒီလို ဖိအားပေးနေသူတွေထဲမှာ အမေရိကန် လွှတ်တော်အမတ်တွေလည်း အများအပြား ပါဝင်နေပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အရာရှိတချို့ကဆိုရင် မြန်မာပြည်ကနေ ဖေ့စ်ဘွတ်ထွက်ဖို့တောင် ပြောဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ မကြာခင် နှစ်ပိုင်းတွေအတွင်း သတင်းမီဒီယာလွတ်လပ်ခွင့် ရလာတာနဲ့ အမျှ ဖေ့စ်ဘွတ် လူမှုမီဒီယာ သုံးစွဲမှုလည်း ကျယ်ပြန့်လာခဲ့ပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ကနေ သတင်းမှား ဖြန့်ချိမှုတွေ၊ အမုန်းတရား ပွားများ အောင်၊ ဆူပူမှုတွေဖြစ်ပွားအောင် လှုံ့ဆော်မှုတွေကြောင့် လူမျိုးရေး ပဋိပက္ခတွေကလည်း ပိုမိုဖြစ်ပွားလာခဲ့တယ်လို့် နိုင်ငံတကာလေ့လာသူတွေက ပြောပါတယ်။
ဖေ့စ်ဘွတ်ကုမ္ပဏီ တာဝန်ရှိသူတွေကတော့ ဒီကိစ္စကို အရေးယူတဲ့အနေနဲ့ ဘာသာရေးနဲ့ လူမျိုးရေး အစွန်းရောက်သူ တွေထဲက ထင်ရှားသူတွေကို ဖေ့စ်ဘွတ်ကနေ ဖယ်ရှားခဲ့ပြီဖြစ်ကြောင်းနဲ့ အခုဆက်လက်ပြီး မလိုအပ်တဲ့ ရေးသား လှုံ့ဆော်မှုတွေကို မြန်မြန်ဆန်ဆန် သိရှိအရေးယူနိုင်ရေးအတွက် မြန်မာဘာသာစကားဆိုင်ရာ ပြဿနာကို ကျွမ်းကျင်သူတွေ တိုးချဲ့ခန့်အပ်ခြင်း အပါအဝင် နည်းမျိုးစုံနဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့အရေးလှုပ်ရှားသူ ဆရာတော် အရှင် ဇဝန ကတော့ အမုန်းတရား ဖြန့်ချိမှုတွေ တားဆီးရေးအတွက် သူတို့ သံဃာတွေမှာလည်း တာဝန်ရှိတယ်လို့ ပြောပါတယ်။
ဆရာတော် အရှင် ဇဝန နဲ့ ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။