ဖေ့စ်ဘွတ်ကနေ အမုန်းစကားဖြန့်ဝေမှု ကုလ ပြစ်တင်ထောက်ပြ


2018.03.13
facebook-user-mm-622.jpg Facebook အသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ Facebook လူမှုကွန်ရက်ဟာ အမုန်းစကားတွေ ပျံ့နှံ့အောင် ဖြန့်ဝေတဲ့နေရာမှာ အဓိကအခန်းက ပါဝင်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းသူတွေက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ ဥက္ကဌ မာဇူကီ ဒါရုစ်မဲန်က မြန်မာနိုင်ငံမှာ လူမှုကွန်ရက်ဟာ အရေးပါတဲ့ ကဏ္ဍမှာရှိနေကြောင်း၊ ဆန္ဒရှိရင် လူထုထဲမှာ အငြင်းအခုန် တွေ၊ ပဋိပက္ခတွေ၊ အကျယ်အကျယ် မငြိမ်းဖွယ်ကိစ္စတွေ ပေါ်ပေါက်လာအောင် လူမှုကွန်ရက်ကနေ ဖန်တီးနိုင် ကြောင်း၊ အဲဒီထဲမှာ အမုန်းစကားတွေလည်း ပါဝင်ကြောင်း၊ မြန်မာနိုင်ငံမှာတော့ လူမှုကွန်ရက်ဟာ Facebook ဖြစ်ကြောင်း ပြောဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စ ယန်ဟီးလီကလည်း မြန်မာနိုင်ငံမှာ ဘာမဆို Facebook က တဆင့် သွားနေတာပါ၊ Facebook ဟာ ပုဂ္ဂလိက လူတစ်ဦးချင်းဘဝမှာရော၊ လူထု တရပ်လုံးနဲ့ အဖွဲ့အစည်းတွေထဲမှာပါ ကြီးမားတဲ့ အစိတ်အပိုင်း ဖြစ်လာနေပြီး၊ အစိုးရကလည်း လူထုဆီ သတင်း ဖြန့်ချိရာမှာ သုံးစွဲနေပါတယ်၊ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံမှာ Facebook ကြောင့် အထောက်အကူရတာ တွေရှိပေမယ့်၊ အစွန်းရောက် အမျိုးသားရေး ဝါဒီတွေရဲ့ အမုန်းစကားဖြန့်ချိတာတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် လှုံ့ဆော်တာတွေအတွက် လည်း သုံးစွဲနေကြပါတယ်၊ အခုဆိုရင် Facebook ဟာ သူ့ရဲ့ မူလပထမ ရည်ရွယ်ချက် ကနေ သွေဖည်ပြီး၊ မကောင်းဆိုးရွားတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပြီလား မေးရမလိုပါပဲလို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အဲဒီလို ဝေဖန်ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး Facebook ဆီက တစ်စုံတရာ မတုံ့ပြန်သေးပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့လကတော့ မြန်မာနိုင်ငံက ဆရာတော် ဦးဝီရသူ ရဲ့ Facebook အကောင့်ကို ပိတ်လိုက်ကြောင်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။