နိုင်ငံခြားပို့ကုန်ရငွေကို တစ်လအတွင်း ရောင်းရမယ်လို့ ဗဟိုဘဏ်ထုတ်ပြန်
ပြည်ပကိုပို့ကုန်အဖြစ် တင်ပို့ရောင်းချနေသူတွေအနေနဲ့ ပို့ကုန်ရငွေ တနည်းအားဖြင့် အမေရိကန်ဒေါ်လာကို လက်ထဲမှာ ကိုင်မထားရတော့ဘဲ တစ်လအတွင်း ပြန်ရောင်းချရမယ်လို့ ဗဟိုဘဏ်က အောက်တိုဘာလ ၃ ရက် မနေ့ညပိုင်းမှာ ကြေညာခဲ့ပါတယ်။
နိုင်ငံခြားပို့ကုန်ကနေရတဲ့ငွေကို မိမိရဲ့ဘဏ်အကောင့် ဒါမှမဟုတ် ကုမ္ပဏီအကောင့်ထံ လွှဲပြောင်းရောင်းချ နိုင်သလို နိုင်ငံခြားငွေအရောင်းအဝယ်လုပ်ခွင့် (AD) လိုင်စင်ရ လုပ်ငန်းတွေနဲ့ AD လိုင်စင်ရ ဘဏ်တွေကို ရောင်းချနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါပေမဲ့ အခြားပြင်ပအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေထံကို ရောင်းချခွင့်မပြုဘဲ ရောင်းချခွင့်ပြုထားတဲ့နေရာတွေ ကိုလည်း တစ်လအတွင်း ရောင်းချရမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်တာပါ။
အဲဒီထုတ်ပြန်ချက်အမိန့်ဟာ အောက်တိုဘာလ ၃ ရက် မနေ့ကစပြီး သက်ရောက်တယ်လို့လည်း ဗဟိုဘဏ်က ဆိုပါတယ်။
အရင်က ပို့ကုန်ရငွေကို လေးလအတွင်း ပြန်ရောင်းဖို့ ထုတ်ပြန်ထားတာဖြစ်ပြီး အခု တစ်လအတွင်းလို့ ပြောင်းလဲလိုက်တာဖြစ်ပါတယ်။
ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ကြောင့် နိုင်ငံခြားပို့ကုန်ကရတဲ့ လုပ်ငန်းတွေအနေနဲ့ ပို့ကုန်ရငွေကို လက်ထဲမှာ တစ်လကျော်ပြီး ကိုင်ထားလို့မရဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။
ပြင်ပစျေးကွက်မှာ အမေရိကန်ဒေါ်လာစျေး စံချိန်တင်မြင့်တက်လာပြီးနောက်ပိုင်း ဒေါ်လာလက်ဝယ်ရှိ သူတွေဟာ ပြန်မရောင်းဘဲ ဒေါ်လာကို လက်ထဲကိုင်ထားတာကြောင့် အခုလို အမိန့်ထုတ်ပြန်တာဖြစ်ပေမယ့် ဒါဟာ ရေရှည်အဆင်ပြေမယ့်နည်းတော့ မဟုတ်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်က ပြောကြပါတယ်။