ကမ္ဘာ့ငွေကြေးစောင့်ကြည့်မှုအဖွဲ့ရဲ့ နာမည်ပျက်စာရင်းမှာ မြန်မာပါလာနိုင်

2022.09.07
ကမ္ဘာ့ငွေကြေးစောင့်ကြည့်မှုအဖွဲ့ရဲ့ နာမည်ပျက်စာရင်းမှာ မြန်မာပါလာနိုင် ၂ဝ၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ရှိ ဘဏ်တစ်ခုအတွင်း အလုပ်လုပ်ကိုင်နေသည့် မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
Photo: Reuters

စီးပွားရေးအင်အားကြီးနိုင်ငံတွေ စုစည်းပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနဲ့အကြမ်းဖက်မှုတွေအတွက် ဘဏ္ဍာငွေထောက်ပံ့တာကို တားဆီးနိုင်ဖို့ တည်ထောင်ထားတဲ့ ကမ္ဘာ့ငွေကြေးစောင့်ကြည့်မှုအဖွဲ့ Financial Action Task Force (FATF) က မြန်မာနိုင်ငံကို နာမည်ပျက်စာရင်း ထည့်သွင်းဖို့ အလားအလာရှိနေတယ်လို့ Nikkei Asia သတင်းဌာနက ဒီအဖွဲ့အစည်းနဲ့ နီးစပ်တဲ့ သံတမန်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး စက်တင်ဘာလ ၇ ရက်နေ့မှာ သတင်းဖော်ပြလိုက်ပါတယ်။

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အခြေစိုက် FATF ဟာ ကမ္ဘာ့ဘဏ္ဍာရေးစနစ်တစ်ခုလုံးရဲ့ ယုံကြည်စိတ်ချရမှု အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် ဖွဲ့စည်းထားတာဖြစ်ပြီး အခုအချိန်မှာ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတွေကို နာမည်ပျက်စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

မြန်မာနိုင်ငံကို နာမည်ပျက်စာရင်းမှာ ထည့်သွင်းလိုက်မယ်ဆိုရင်၊ မြန်မာနိုင်ငံနဲ့ဆက်စပ်နေတဲ့ ငွေကြေးလွှဲပြောင်းမှုတွေလုပ်ဖို့ အလွန်ခက်ခဲသွားမှာဖြစ်တဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ဖို့ ခက်ခဲသွားမှာ ဖြစ်တဲ့အပြင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာ ဖြစ်တယ်လို့ Nikkei Asia က သုံးသပ်ဖော်ပြထားပါတယ်။

FATF အဖွဲ့ရဲ့ လာမယ့် အောက်တိုဘာလမှာ ပြုလုပ်မယ့် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေအတွက် မြန်မာနိုင်ငံကို နာမည်ပျက်စာရင်းထဲ ထည့်ဖို့ အဆိုပြုမှာ ဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်တွေဟာ အာဆီယံခေါင်းဆောင်တွေရဲ့ ကြားဝင်ညှိနှိုင်းဖို့ ကြိုးပမ်းမှုတွေကိုလည်း မထီမဲ့မြင်ပြုခဲ့တဲ့အတွက် FATF အဖွဲ့ရဲ့ လက်ရှိဥက္ကဋ္ဌ စင်္ကာပူနိုင်ငံကလည်း ဒီလိုအဆိုပြုချက်ကို ကန့်ကွက်မှာ မဟုတ်ဘူးလို့ အာရှနိုင်ငံတစ်နိုင်ငံက အမည်မဖော်လိုသူ သံတမန်တစ်ဦးက Nikkei Asia ကို ပြောပါတယ်။

အခုအချိန် မြန်မာနိုင်ငံမှာ အလွန်မြင့်မားတဲ့ ငွေကြေးဖောင်းပွမှုနဲ့ နိုင်ငံခြားငွေကြေး ရှားပါးမှုတွေ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်း GDP ဟာ ပြီးခဲ့တဲ့နှစ်က၂၀ ရာခိုင်နှုန်းအထိ ကျုံ့သွားခဲ့ကြောင်း၊ မြန်မာကျပ်ငွေတန်ဖိုးဟာ အာဏာမသိမ်းခင်ကထက် ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတဲ့အတွက် စစ်ခေါင်းဆောင်တွေဟာ လျှပ်စစ်ကဏ္ဍတစ်ခုတည်းမှာတင် လစဉ်အမေရိကန် ဒေါ်လာ ၆၂သန်း နဲ့ ညီမျှတဲ့ ကျပ်ငွေ ၁၃၁ ဘီလီယံလောက်အထိ လစဉ်ဆုံးရှုံးနေတဲ့အကြောင်း နိုင်ငံတကာဘဏ္ဍာရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။

အခုလို FATF အဖွဲ့ရဲ့ နာမည်ပျက်စာရင်းထဲမှာ ပါသွားမယ်ဆိုရင် နိုင်ငံတကာက ဘဏ်နဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေဟာ မြန်မာနိုင်ငံနဲ့ အလုပ်လုပ်ရတာ ပိုမိုခက်ခဲစေမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံက လုပ်ငန်းတွေကို ဝန်ဆောင်မှုပေးဖို့ ရှောင်ကြဉ်လာကြမှာ ဖြစ်တယ်လို့လည်း နိုင်ငံတကာဘဏ္ဍာရေးကျွမ်းကျင်သူတွေက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။