နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အခက်အခဲကြုံရ AAPP ပြော
2012.03.15

အဲဒီလို ရာဇဝတ်သားအဖြစ် သတ်မှတ်ခံရတာကြောင့် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်း ရိုက်ကူးတင်ပြထားတဲ့ ရေဆန်လမ်း (Into the Current) ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အေအေပီပီက အမေရိကန်ပြည်ထောင်စုက နာမည်ကြီး တက္ကသိုလ်တွေမှာ လိုက်လံပြသနေပါတယ်။
အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မေ့မထားသင့်ကြောင်း၊ အစိုးရက နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်မပြုဘဲ ရာဇဝတ် အကျဉ်းသားအဖြစ်ပဲ သတ်မှတ်ထားတာကြောင့် ပြန်လွတ်လာတဲ့အခါ အလုပ်လုပ်ဖို့ အခက်အခဲ၊ ကျောင်းပြန်တက်ဖို့ အခက်အခဲ ကြုံကြရကြောင်း ဒီရုပ်ရှင်မှာ အသိပေးထားတယ်လို့ အေအေပီပီ အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။
ဒီရုပ်ရှင်ရဲ့ထူးခြားချက်တစ်ခုက မြန်မာ့နိုင်ငံရေးအကျဉ်းသားတွေဟာ အာဃာတမထားဘဲ အမျိူးသား ပြန်လည်သင့်မြတ်ရေးစိတ်ဓာတ် ကိုယ်စီရှိကြတယ်ဆိုတာ ပေါ်လွင်အောင် တင်ပြနိုင်တာဖြစ်ကြောင်း ကိုဘိုကြည်က ပြောပါတယ်။
ရေဆန်လမ်းရုပ်ရှင်မှာ ၈၈မျိူးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ရဲ့ အကျဉ်းထောင်တွင်း အတွေ့အကြုံ ပြောဆိုချက်တွေကိုလည်း တင်ဆက်ထားပါတယ်။
ရေဆန်လမ်းရုပ်ရှင် ဒါရိုက်တာကတော့ ၁၉၈၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို စွန့်စွန့်စားစား ရိုက်ကူးသတင်းယူနေခဲ့တဲ့ အမေရိကန် သတင်းထောက် Jeanne Hallacy ပါ။