ကိုအောင်ကိုထွေး တရားရုံးကို သပိတ်မှောက်
2018.01.31

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို ဒီနေ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးရာ ကိုအောင်ကိုထွေး က အစစ်ဆေးမခံဘဲ တရားရုံးကို သပိတ်မှောက်ခဲ့ပါတယ်။
တရားသူကြီးကို အယုံအကြည်မရှိတာကြောင့် အစစ်ဆေးမခံနိုင်ကြောင်း ကိုအောင်ကိုထွေး က ရုံးထုတ်မှာ ပြောခဲ့ပါတယ်။
"တရားရုံးကို လုံးဝရုံးမထွက်ပါဘူး။ သပိတ်မှောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြောင့်မတ် မှန်ကန်တဲ့ တရားစီရင်မှု မရှိလို့ ဒဂုံဆိပ်ကမ်းတရားသူကြီးဟာ ကျတော်ရှေ့ဆက်သွားနေမယ်ဆိုရင် ကျတော်တို့ရဲ့ မိသားစုတွေပါ အကုန်လုံးထောင်ထဲ ရောက်နေပါတယ်၊ အမှန်တရားဆိုတာ မရှိပါဘူး ဒီကနေ့ မိသားစုတွေပါ အကုန်လုံးထောင်ထဲထည့်နေပါတယ်"
ကိုအောင်ကိုထွေးက ဆက်လက်အစစ်ဆေးခံမှာ မဟုတ်တော့တဲ့အတွက် သူ့ရဲ့ရှေ့နေ ဦးဇော်မင်းလှိုင်ကလည်း တရားရုံးမှာ ရှေ့နေ ကိုယ်စားလှယ်လွှဲစာ ရုပ်သိမ်းခွင့် ဒီနေ့ တင်သွင်းလိုက်ပါတယ်။
ကိုအောင်ကိုထွေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၈ ရက်နေ့က စတင်ဖမ်းဆီးထိမ်းသိမ်းထားရာမှာ တရားစွဲဆိုသူ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်နဲ့ တရားလို ပြသက်သေတွေကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တရားရုံးက စစ်ဆေးပြီးသွားပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ရုံးထုတ်မှာ ကိုအောင်ကိုထွေး အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းဖို့ ဆန္ဒပြခဲ့ကြသူတွေထဲက ဒေါ်လေးလေး(ခ) ဒေါ်စန်းစန်းဦးနဲ့ ကိုနောင်နောင် တို့နှစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရဲစခန်းက ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ဖမ်းဆီးထား ပါတယ်။
ကိုအောင်ကိုထွေးက တရားရုံးကို သပိတ်မှောက်ကြောင်း လျှောက်ထားခဲ့ပေမယ့် တရားသူကြီးက လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ရုံးထုတ်ဖို့ ချိန်းဆိုခဲ့ပါတယ်။