ဂီရိမုန်တိုင်းဘေးအတွက် ယူရို ၃ သန်း EU လှူဒါန်း

ရခိုင်ပြည်နယ်က ဂီရိမုန်တိုင်းသင့် ပြည်သူတွေအတွက် ဥရောပသမဂ္ဂ ကော်မရှင်က ယူငွေ ၃ သန်း ထောက်ပံ့ ကူညီမယ်လို့ ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

2010.12.21
cyclone_giri_trees_kyaukphyu_305_z.png ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်နေ့က ဆိုင်ကလုန်း ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် ကျောက်ဖြူမြို့တွင် မုန်တိုင်းသင့် အပျက်အစီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: U Kyaw Zaw Win/www.demowaiyan.co.cc)
(Photo: U Kyaw Zaw Win/www.demowaiyan.co.cc)
ဒီထောက်ပံ့မှုကို စစ်အစိုးရ အာဏာပိုင်တွေကနေ တဆင့်ပေးတာမျိုး မဟုတ်ပဲ နိုင်ငံတကာ အဖွဲ့အစည်း တွေကနေတဆင့် လူထုကို ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး EU ကော်မရှင် ဒေသဆိုင်ရာ ပြန်ကြားရေးတာဝန်ခံ Mr. Mathias Eick က RFA ကို ပြောပါတယ်။

“မုန်တိုင်းသင့်ပြည်သူတွေအတွက် ပေးမဲ့အထောက်အပံ့ကို အစိုးရဆီကနေ တဆင့်ပေးမှာ မဟုတ်ပါ ဘူး၊ ကျနော်တို့ မိတ်ဆွေ အဖွဲ့အစည်းတွေဖြစ်တဲ့ NGO တွေကနေ တဆင့်ပဲ ပြည်သူတွေဆီ ရောက်အောင် ပို့မှာပါ။ ဥပမာအနေနဲ့ဆိုရင် မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံတကာ NGO တွေ၊ ကုလသမဂ္ဂလို၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့လို အဲဒီလိုအဖွဲ့တွေကနေတဆင့် ပေးသွားမှာပါ”

EU ကော်မရှင်ဟာ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့မှာ လူသားချင်း စာနာမှု အကူအညီအဖြစ် လတ်တလော ယူရိုငွေ ၇ သန်း လျာထားတဲ့အထဲက ၃ သန်းကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဂီရိမုန်တိုင်းသင့် ပြည်သူတွေကို ထောက်ပံ့မယ်လို့ ဆုံးဖြတ်လိုက်တာပါ။ ဒီအတွက် မုန်တိုင်းသင့်ဒေသက ပြည်သူပေါင်း ၂ သိန်းခွဲလောက်ကို ထောက်ပံ့နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

EU ကော်မရှင်ဟာ အရင်က နာဂစ် မုန်တိုင်းသင့် ပြည်သူတွေအတွက်လည်း ထောက်ပံ့ ကူညီခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ဂီရိမုန်တိုင်းသင့် ပြည်သူတွေအတွက် ဆက်လက်ကူညီဖို့ ကုလသမဂ္ဂက နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr Bishaw Parajuli နဲ့အဖွဲ့ဟာ အဲဒီဒေသတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က သွားပြီး ကွင်းဆင်း လေ့လာခဲ့ကြပါတယ်။ အဲဒီနောက် ဒီကနေ့မှာ နိုင်ငံတကာ အလှူရှင်တွေနဲ့ တွေ့ဆုံပြီး အခုလို တိုက်တွန်းပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ မုန်တိုင်းသင့် ပြည်သူ မိသားစုပေါင်း ၅၂၀၀၀ မှာ ၃၈ ရာခိုင်နှုန်းဖြစ်တဲ့ မိသားစု ၂ သောင်းကျော်အတွက်ပဲ နေစရာ အမိုးအကာ ကူညီနိုင်သေးတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီကြေညာချက်မှာပဲ ဂီရိမုန်တိုင်းသင့် ပြည်သူတွေကို အရေးပေါ် ထောက်ပံ့မှုနဲ့ ပြန်လည်ထူထောင်ရေး အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၇ သန်း လိုအပ်တယ်လို့ ဆိုပါတယ်။ အဲဒီအတွက် ဒေါ်လာ သန်း ၂၀ ကျော်ပဲ ရရှိသေးပြီး၊ အဲဒီထဲမှာ ကုလသမဂ္ဂ အရေးပေါ် ထောက်ပံ့ရေးအဖွဲ့ရဲ့ ငွေ ၆ သန်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။