ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ခွဲခြားဆက်ဆံမှုကနေ ကာကွယ်ပေးဖို့ EU တိုက်တွန်း


2013.04.05

မြန်မာနိုင်ငံမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့နဲ့ ရိုဟင်ဂျာအပါအဝင် လူမျိုးစုငယ်တွေအပေါ် ခွဲခြားဆက်ဆံမှုမရှိအောင်အကာအကွယ်ပေးဖို့ EU ဥရောပပါလီမန်က မြန်မာအစိုးရကို မနေ့ကတိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် စီးပွါးရေးအခွင့်အလမ်းတွေကို လူနည်းစုအတွက်သာမဟုတ်ပဲ လူများစုအတွက်ပါ ဖေါ်ဆောင်ပေးဖို့ကိုလည်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Barbara Lochbihler ဦးဆောင်တဲ့ ဥရောပပါလီမန်အဖွဲ့ဝင် ၄ ဦးက မြန်မာနိုင်ငံကို ဧပြီလ ၃ ရက် ကနေ ၅ ရက်ထိ သွားရောက်လေ့လာခဲ့ပြီးတဲ့နောက် အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ နိုင်ငံသားအားလုံး ပါဝင်ခွင့်ပြုရေးဟာ ဒီမိုကရေစီဖေါ်ဆောင်ရေးအတွက် တခုတည်းသောနည်းလမ်းဖြစ်သလို၊ တရားနည်းလမ်းကျ အပြောင်းအလဲက အရေးကြီးကြောင်းလည်း EU ကိုယ်စားလှယ်အဖွဲ့က အထူးပြုပြောဆိုပါတယ်။ ဒါ့အပြင် လက်ရှိရေးဆွဲနေတဲ့ မီဒီယာဥပဒေကလဲ လွတ်လပ်စွာ ရေးသားထုတ်ဖေါ်ပြောဆိုခွင့်ကို အာမခံတဲ့ဥပဒေဖြစ်အောင်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံ လွှတ်တော်ကို တိုက်တွန်းကြောင်းပြောဆိုပါတယ်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုရေးအသင်းအဖွဲ့တွေက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတာ၊ ဒီမိုကရေစီစနစ်ဆီဦးတည်တဲ့ လက်ရှိအပြောင်းအလဲကို အကူအညီပေးနေတာ၊ လူ့အခွင့်အရေးကိုလေးစားပြီး တရားဥပဒေက လိုက်နာတာတွေကို အသိအမှတ်ပြုကြောင်း EU ကိုယ်စားလှယ်အဖွဲ့ကပြောပါတယ်။

အခုလိုတိုးတက်မှုတွေ တွေ့ရပေမယ့်၊ တဘက်မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကို စိုးရိမ်မိကြောင်းပြောပါတယ်။

ဥရောပသမဂ္ဂအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဒေသခံပြည်သူတွေ မျှော်လင့်နေသလို ဖွံ့ဖြိုးရေးအကူအညီတွေပေးဖို့ လိုအပ်သလို၊ အရည်အချင်း မြှင့်တင်ရေးကိစ္စတွေ၊ နိုင်ငံရေးနဲ့ မူဝါဒရေးရာ ဆွေးနွေးပွဲတွေမှာလည်း ဖြစ်ပေါ်တိုးတက်မှုအလိုက် စောင့်ကြည့်သုံးသပ်ပြီး ကူညီသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။