စစ်ကောင်စီကို EU က ထပ်မံ တိုးမြှင့်အရေးယူ

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနဲ့ဆက်စပ်ပြီး လူပုဂ္ဂိုလ် ၁၀ ယောက်၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းလီမိတက်တို့ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူ လိုက်တယ်လို့ ဥရောပသမဂ္ဂကောင်စီက မနေ့က ကြေညာလိုက်ပါတယ်။ သူတို့ကို ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေမှု၊ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုတွေ ကြောင့် အရေးယူဒဏ်ခတ် တာဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
အဲဒီ ၁၀ ယောက်ကတော့ အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်တဲ့ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်ထောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုးနဲ့ ဦးချစ်နိုင် (စိတ်ပညာ) တို့ ဖြစ်ပါတယ်။
ပိတ်ဆို့ဒဏ်ခတ်တဲ့အထဲမှာပါဝင်တဲ့ လုပ်ငန်းကြီးနှစ်ခုဟာ မြန်မာပြည်သူတွေဒီမိုကရေစီ နည်းကျရွေးကောက် ထားတဲ့အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ်ပိုင်လုပ်ငန်းကြီးတွေ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။
စစ်တပ်က လက်ရှိဆောင်ရွက်နေတာတွေဟာ ပိုမိုဆိုးဝါးတဲ့အခြေအနေတွေကို ပေါ်ပေါက်စေမှာ ဖြစ်ပေမယ့် ဘယ်လိုတရားဝင်မှုကိုမှ ပေးမှာမဟုတ်ဘူးဆိုတဲ့ သတင်းစကားကို ဥရောပသမဂ္ဂ အနေနဲ့ ကြေညာချက်ထုတ် ပြန်ပြီး ရှင်းရှင်းလင်းလင်းပြောလိုက်တာဖြစ်ကြောင်းနဲ့ မြန်မာပြည်သူ ပြည်သားတွေ ဒုက္ခရောက်မယ့်ဘေးကနေ ရှောင်ရှားနိုင်မယ့်နည်းကို ရွေးချယ်ထားတယ်လို့လည်း ဆိုပါတယ်။
အခုဆိုရင် ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူသူ စုစုပေါင်း ၃၅ ဦးရှိသွားပြီဖြစ်ပြီး သူတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ ခရီးသွားလာခွင့်တွေကို ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂဝင် နိုင်ငံသားတွေနဲ့ စီးပွားရေး ကုမ္ပဏီကြီးတွေအနေနဲ့ အဲဒီသူတွေနဲ့ ငွေကြေးဆက်စပ် စီးဆင်းခွင့်ကိုပါ ပိတ်ပင်လိုက်ပါတယ်။
ခုလို ထပ်မံဒဏ်ခတ်အရေးယူတာအပြင် အရင်ကရှိပြီးသား ဥရောပသမဂ္ဂရဲ့ဒဏ်ခတ်မှုတွေကိုလည်း ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ နိုင်ငံတွင်းဖိနှိပ်ဖြိုခွင်းမှုတွေအတွက် အသုံးပြုတဲ့ လက်နက်နဲ့ ပစ္စည်းကိရိယာတွေ၊ စစ်တပ်နဲ့နယ်ခြားစောင့်တပ်တွေ အသုံးပြုရမယ့် ပစ္စည်းကိရိယာတွေ၊ နိုင်ငံတွင်း ဖိနှိပ်မှုအတွက် ဆက်သွယ်ရေးတွေကို စောင့်ကြည့်ထိန်းချုပ်တဲ့ ပစ္စည်းကိရိယာတွေ အားလုံး တင်သွင်းရောင်းဝယ်မှု တွေကို ပိတ်ပင်တာ ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ရေးလေ့ကျင့်မှု ပူးပေါင်း ဆောင်ရွက်တာတွေကိုပါ တားမြစ်ထားပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအကူးအပြောင်းအတွက် ဆက်လက်ထောက်ခံသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။