ရိုဟင်ဂျာတွေအတွက် ယူရိုသန်း ၄ဝ EU ကူညီ
2018.05.31
ဥရောပကော်မရှင်အနေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်တွေရဲ့ အရေးပေါ် အသက်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၄၈ သန်းနီးပါးနဲ့တူညီတဲ့ ယူရိုငွေ သန်း ၄ဝ ကူညီမယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
ဒီငွေဟာ ၂ဝ၁၇ တုန်းက ကူညီဖို့ ကြေညာထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၆ဝ နီးပါး အကူညီတွေအပြင် နောက်ထပ် အပိုထပ်ဆောင်း ကူညီတာဖြစ်တယ်လို့ ဥရောပသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ပဋိပက္ခစီမံခန့်ခွဲရေးဆိုင်ရာ ကော်မရှင်မင်းကြီး Christos Stylianides က ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်ပြဿနာဟာ ပြီးခဲ့တဲ့လတွေအတွင်း တွက်ဆလို့မရတဲ့ အတိုင်းအဆတခုအထိ ရောက်ရှိခဲ့ပြီး လူပေါင်း သိန်းချီပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေကြောင်း၊ EU အနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံလုံးမှာရှိတဲ့ အကူညီလိုနေတဲ့ ဒုက္ခသည်တွေကို အကူညီပေးဖို့ ဆုံးဖြတ်ထားကြောင်း၊ ဒီအရေးပေါ် ကယ်ဆယ်ရေး အကူအညီနဲ့ အရေးပေါ်လိုအပ်ချက်တွေဖြစ်တဲ့ အစားအစာ၊ သောက်ရေသန့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် အသုံးပြုမှဖြစ်ကြောင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးကို လာရောက်လည်ပတ်ခဲ့တဲ့ ကော်မရှင်နာမင်းကြီးက ပြောပါတယ်။
ဒီနေ့ကြေညာလိုက်တဲ့ ယူရိုငွေ သန်း ၄ဝ ထဲက ၂၉ သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar ဒုက္ခသည် စခန်းတွေမှာ သုံးမှာဖြစ်ပြီး ၇ သန်းကတော့ မိုးရာသီပြင်ဆင်ဖို့အတွက်သုံးမယ်လို့ ဆိုပါတယ်။ ယူရိုငွေ ၄ သန်း ကိုတော့ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဒုက္ခသည်တွေကို ကူညီမယ်လို့ သိရပါတယ်။