ပြုပြင် ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ EU အဖွဲ့ မြန်မာကို တိုက်တွန်း
2012.01.31

AFP PHOTO / GEORGES GOBET
ဘယ်လဂျီယန်နိူင်ငံ ဘရပ်ဆဲလ်မြို့မှာ မနေ့က ပြုလုပ်တဲ့ ထိပ်သီး ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဥရောပသမဂ္ဂ ဥက္ကဋ္ဌ မစ္စတာ ဟာမဲန် ဗွန် ရောမ်ပေက တိုက်တွန်း လိုက်တာဖြစ်တယ်လို့ ဥရောပသမဂ္ဂ နိုင်ငံတကာ ဆက်ဆံရေး အကြီးအကဲ Catherine Ashton ရဲ့ ပြောခွင့်ရ အမျိုးသမီး Maja Kocijancic က အာအက်ဖ်အေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ နောက်ထပ် အပြောင်းအလဲတွေ ဖြစ်လာဖို့ အီးယူ ဥက္ကဋ္ဌအနေနဲ့ အဓိက တိုက်တွန်းတဲ့ အချက်သုံးချက် ရှိကြောင်း၊ အဲဒါတွေကတော့ နိုင်ငံရေး အကျဉ်းသားတွေ ထပ်ပြီးလွှတ်ပေးဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့နဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့ အချက်တွေ ဖြစ်ကြောင်း ပြောပါတယ်။
မြန်မာနိူင်ငံက လက်ရှိ အပြောင်းအလဲတွေဟာ ဥရောပသမဂ္ဂနဲ့ ဆက်ဆံရေးမှာ အရေးပါပြီး အလားအလာသစ်တွေကို ပွင့်လင်း လာစေတယ်လို့ မစ္စတာ ဟာမဲန်က သူရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ မိမိတို့ မျှော်မှန်းထားတဲ့အတိုင်း ပြည့်မီမယ်ဆိုရင် မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ချသွားမှာ ဖြစ်တယ်လို့လည်း ဥရောပသမဂ္ဂ ဥက္ကဋ္ဌ မစ္စတာ ဟာမဲန်က ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း သူ့အနေနဲ့ မကြာခင် မြန်မာနိုင်ငံကို အလည်အပတ် သွားရောက်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။
လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲကိစ္စ အပါအဝင် အလုပ်တာဝန်တွေနဲ့ အင်မတန် အလုပ်များနေကြောင်း၊ မိမိတို့အနေနဲ့ မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေသလို မြန်မာနိုင်ငံကို အကူအညီပေးဖို့ မိမိတို့ လုပ်နိုင်တာမှန်သမျှ လုပ်ဆောင်နေကြောင်းလည်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောဆိုသွားပါတယ်။