အပစ်အခတ်ရပ်စဲရေး မူနှစ်ခုအပေါ် ပြေလည်မှုမရရှိသေး
2013.10.31

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ ညီလာခံဒုတိယနေ့ကို ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ ဒီနေ့ကျင်းပရာ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ အစိုးရဖက်ကတင်ပြထားတဲ့ အပစ်အခတ်ရပ်စဲရေး မူနှစ်ဖက်အပေါ် ပြေလည်မှုမရသေးကြောင်း ညီလာခံဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။
အစိုးရဖက်က တင်ပြထားတဲ့ အပစ်ခတ်ရပ်စဲရေးမူနဲ့ UNFC မူမှာ ကွာဟချက်တွေ ရှိနေသေးတာကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေကြားထဲ အမြင်သဘောထားတစ်ခုတူညီအောင် ဆက်လက်ညှိနှိုင်းရဦးမှာဖြစ်တယ်လို့ UNFC အထွေထွေအတွင်းရေးမှူးလည်းဖြစ် လိုင်ဇာညီလာခံ ကျင်းပရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ်တဲ့ နိုင်ဟံသာက ပြောပါတယ်။
“ပထမကတော့ UNFC ကတင်ပြတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာပေါ့ဗျာ၊ UNFC အနေနဲ့ ဘယ်လိုရပ်တည်မယ်ဆိုတဲ့ သဘောထား အဲဒါကိုတင်ပြကြတယ်၊ နောက်ပြီးတော့ အစိုးရဘက်ကတင်ပြတဲ့ ဒီအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောထားပေ့ါနော်၊ အဲဒီစာတမ်းအပေါ်မှာ ကျနော်တို့ သုံသပ်ကြတယ်၊ အဲဒီလို ကျနော်တို့ သုံးသပ်ပေမယ့် အခုဟာက ဆုံးဖြတ်ချက်တွေ မကျနိုင်သေးဘူးဗျ”
UNFC က တင်ပြထားတဲ့မူထဲမှာ နှစ်ဖက်တပ်နေရာချထားရေးပါရှိပေမယ့် အစိုးရကတင်ပြထားတဲ့မူထဲမှာ အဲဒီအချက်ပါရှိတာ မတွေ့ရဘူးလို့လည်း သိရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ လိုင်ဇာညီလာခံကနေ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအတွက် သဘောထားအမြင်တူညီတဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်ပြီး အစိုးရရဲ့ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်မှုကော်မတီဝင်တွေနဲ့ လာမယ့် နိုဝင်ဘာလ ပထမအပတ်ထဲမှာ တွေ့ဆုံဆွေးနွေးသွားဖို့ဖြစ်ပါတယ်။
ညီလာခံကို မနေ့က အောက်တိုဘာလ ၃၀ ရက်နေ့ကနေ မနက်ဖြန် နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး မနက်ဖြန်မှာတော့ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံး ဘုံသဘောတူညီချက်တစ်ခု ချမှတ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။