NLD နဲ့ ကယားပြည်နယ်က တိုင်းရင်းသားပါတီတွေ တွေ့ဆုံပွဲပျက်

စိုးစိုးထက်
2021.01.12
NLD နဲ့ ကယားပြည်နယ်က တိုင်းရင်းသားပါတီတွေ တွေ့ဆုံပွဲပျက် ကယားပြည်နယ် NLD ရုံးကို တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ NLD ကိုယ်စားလှယ်တွေ ၂၀၂၁၊ ဇန်နဝါရီ ၁၂ ရက်နေ့က ရောက်ရှိလာစဉ်
ဓာတ်ပုံ - စိုးစိုးထက်/ RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ကယားပြည်နယ်ခရီးစဉ်မှာ ဒေသခံပါတီတွေဖြစ်တဲ့ ကယားပြည် နယ် ဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသားပါတီကို တွေ့ဆုံမယ့် နေရာညှိနှိုင်းမှု မပြေလည်တာကြောင့် တွေ့ဆုံပွဲ ပျက်သွားပါတယ်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးသဲရယ် က "မသွားတော့ဘူး၊ မသွားတော့ဘူး။ နေရာကိစ္စကြောင့် ပါတီ နှစ်ဘက်စလုံးရဲ့ ဆုံးဖြတ်ချက်အရ အဆင်ပြေတာမရှိတဲ့အတွက် တွေ့ဖို့ မရှိတော့ပါဘူး။" လို့ RFA ကို ဇန်နဝါရီလ ၁၂ ရက်နေ့ ဒီနေ့ ပြောပါတယ်။

နှစ်ဘက် ပါတီရုံးတွေမဟုတ်တဲ့ ကြားနေရာတစ်ခုခုမှာတွေ့ဖို့ ပြည်နယ်အခြေစိုက် ပါတီတွေက သဘောထား ပေးတာဖြစ်ပြီး NLD ကတော့ မူအရ ဒါကို လက်မခံပါဘူး။

တခြားနေရာမှာ တွေ့ဆုံမယ်ဆိုရင် တိုင်းရင်းသားတွေအကြား မညီမျှသလို ဖြစ်စေမှာစိုးတဲ့အတွက် ဗဟို အလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်အတိုင်း NLD ပါတီရုံးမှာ သာတွေ့ဖို့ ဆုံးဖြတ်တာလို့ NLD ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်တဲ့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

"ကျနော်တို့ကလည်းပဲ ကချင်ပြည်နယ်မှာလည်း ပြည်နယ် NLD ရုံးမှာပဲ တွေ့တယ်။ မွန်ပြည်နယ်မှာ လည်း ဒီလို NLD ရုံးမှာပဲ တွေ့တယ်။ နောက်တစ်ခါ ကယားပြည်နယ်ရောက်မှ တစ်နေရာသွားတွေ့တာ မရဘူး။ အဲလိုမျိုးသွားတွေ့ရင် တိုင်းရင်းသားတွေကြားထဲမှာ စိတ်ဝမ်းကွဲအောင် လုပ်တယ်ဆိုပြီးတော့မှ ပြောခံရမှာ အဲဒါကြောင့်မို့လို့လည်း ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် ဆုံးဖြတ်ချက်အတိုင်းပဲ ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာပဲ တွေ့ဖို့ဆုံးဖြတ်ထားပါတယ်။"

တိုင်းရင်းသားပါတီတွေနဲ့တွေ့ဖို့ NLD ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီလ ၁၁ ရက်နေ့ မနေ့က လွိုင်ကော်မြို့ ကို ရောက်ရှိနေတာဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်းမှာတော့ ပြည်နယ်အတွင်းက NLD ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ နေ့လယ်ပိုင်းမှာ တွေ့ဆုံဖို့ ချိန်းဆိုခဲ့တာဖြစ်ပြီး တွေ့ဆုံပွဲ ပျက်ခဲ့တာပါ။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီဟာ ကယားပြည်နယ်က မဲဆန္ဒနယ် စုစုပေါင်း ၃၄ ခုရှိတဲ့အနက် ၈ နေရာမှာ အနိုင်ရထားပြီး ကယန်းအမျိုးသားပါတီကတော့ ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာကို အနိုင်ရထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။