သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ် ခွင့်မပြု
2011.12.27

သဘာပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ ဗဟုသုတ တိုးပွာရေးကို ရည်ရွယ်ပြီး မကွေးမြို့ ‘မဟာ ရတနာရာမ’ ကျောင်းတိုက်မှာ ဒီကနေ့ ၂၇ ရက်နေ့မှာ စာပေဟောပြောပွဲ ကျင်းပဖို့ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် သံဃာ့နာယက စတဲ့ အဖွဲ့အသီးသီးထံကို တလ ကြိုတင် ခွင့်ပြုချက် တောင်းခံခဲ့တယ်လို့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာ ပြန့်ပွားရေး ပရဟိတ ဆောင်ရွက်နေတဲ့ ကိုမြတ်စံက ပြောပါတယ်။
“နိုဝင်ဘာ ၂ဝ ရက်ကျော်လောက်က ဒီဇင်ဘာ ၂၇ ရက်နေ့အတွက် တလ ကြိုတင်ပြီး တင်လိုက်တဲ့အခါ မြို့နယ် ထွေ-အုပ်၊ တိုင်း ထွေ-အုပ်တွေက ၂၇ ရက်အတွက် ခွင့်ပြုချက် ချပေးလိုက်တယ်။ အဲဒီလို ပေးပြီးတော့ ၂၄ ရက်နေ့ကျမှတခါ “လောလောဆယ် မည်သည့်ပွဲမှ ခွင့်မပြုပါ’ ဆိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖုန်းမော်ရွှေက မှတ်ချက် ချပေးတယ်။ အဲဒါကြောင့် ၂၇ ရက်နေ့ လုပ်မယ့် ပွဲအစီအစဉ် ပျက်သွားရတာပါ”
ဒီကနေ့ ပြုလုပ်မယ့်ပွဲမှာ ဆရာဦးဝင်းမျိုးသူနဲ့ ဆရာ ဦးမြင့်ဇော်တို့ ဟောပြောဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။