Eleven Media အယ်ဒီတာတွေအပေါ် တရားစွဲထားမှု ရုပ်သိမ်းဖို့ RSF တောင်းဆို
2018.10.26

Eleven Media က သတင်းသမားသုံးဦး အာမခံနဲ့ လွတ်လာပေမယ့် သူတို့ကိုစွဲဆိုထားတဲ့ အမှုကို ရုပ်သိမ်းပေးဖို့ RSF - နယ်စည်းမခြား သတင်းထောက်များအဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။
ဒီလ ၈ ရက်နေ့ထုတ် စာစောင်မှာ အကြီးတန်းအယ်ဒီတာ ဖြိုးဝေက "အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ" သတင်းသုံးသပ်ချက် ဆောင်းပါးရေးသားခဲ့ပါတယ်။ ဒီသုံးသပ်ချက်ဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို အကြည်ညိုပျက်စေတဲ့အတွက် ဆောင်းပါးရေးသားသူရော အယ်ဒီတာ ကိုကျော်ဇော်လင်းနဲ့ ကိုနရီမင်းတို့ သုံးဦးကို တရားစွဲဆိုတဲ့အမှုဖြစ်ပါတယ်။
ဒီနှစ်ဦးပိုင်းကစလို့ သတင်းလွတ်လပ်ခွင့်ထိပါးနေတာမို့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းမှာ နိုင်ငံ ၁၈၀ အနက် မြန်မာနိုင်ငံကို RSF က အဆင့် ၁၃၇ သတ်မှတ်ခဲ့ပါတယ်။