မီတာခတွေ ပြင်ဆင်ကောက်ခံဖို့ စီစဉ်နေကြောင်း ဒုဝန်ကြီး ပြော
2017.06.26

လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေကို ပြင်ဆင်ကောက်ခံဖို့ စီစဉ်နေကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
ပုလောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းခင်က မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ကောက်ခံနေတဲ့ လျှပ်စစ်မီတာခတွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်းကို ပြောင်းလဲသတ်မှတ်ဖို့ အစီအစဉ် ရှိမရှိ မေးမြန်းရာမှာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်က အရှုံးခံပြီး စိုက်ထုတ်အသုံးပြုနေရ တာကြောင့် လျှပ်စစ်ဓာတ်အားခနှုန်းတွေကို ပြင်ဆင်ကောက်ခံဖို့ စီစဉ်နေကြောင်း ပြောသွားတာဖြစ်ပါတယ်။
"အသုံးစရိတ်တွကို နိုင်ငံတော်ဘတ်ဂျက်မှနှစ်စဉ်သုံးစွဲရခြင်းဟာ တိုင်းပြည်ရဲ့လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရင်းနှီးမြှုပ်နှံမယ့် ကိစ္စရပ်များ မှာဘဏ္ဍာငွေသုံးစွဲနိုင်ဖို့အားနည်းသွားကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်မျှော်မှန်းသလောက်မအောင်မြင်နိုင်တဲ့အတွက် ကုန်ကျစရိတ်ကို ကာမိတဲ့သင့်လျော်သော ဓာတ်အားခနှုန်းထားကိုပြင်ဆင်သတ်မှတ်ရန် လိုအပ်ပါတယ်"
ဓာတ်အားခနှုန်းထားတွေကို သင့်တော်တဲ့ နှုန်းထားမျိုးဖြစ်အောင် ပြင်ဆင်ကောက်ခံဖို့အတွက် ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းပြီး အကြံပြုချက်တွေယူနေသလို၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့က လျှပ်စစ်နဲ့ စွမ်းအင်ဆိုင်ရာဝန်ကြီးတွေ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်ပညာ ရှင်တွေကိုခေါ်ယူပြီး အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြောင်း ပြောကြားခဲ့ပေမယ့် တစ်ယူနစ်ကို ဘယ်လောက် နှုန်းနဲ့ ပြင်ဆင်ကောက်ခံမယ်ဆိုတာကိုတော့ ဒေါက်တာထွန်းနိုင်က ပြောကြားသွားခြင်းမရှိပါဘူး။
ဓာတ်အားခနှုန်းထားတွေကို အိမ်သုံး၊ စီးပွားရေးလုပ်ငန်းသုံးနဲ့ စက်မှုလုပ်ငန်းသုံးဟု နှစ်မျိုးခွဲခြားပြီး အိမ်သုံးဓာတ် အား တစ်ယူနစ်ကို အနိမ့်ဆုံး ၃၅ ကျပ်ကနေ အများဆုံး ၅ဝ ကျပ်၊ စီးပွားရေးလုပ်ငန်းနဲ့ စက်မှုလုပ်ငန်းသုံး ဓာတ်အားတစ်ယူနစ်ကို အနိမ့်ဆုံး ၇၅ ကျပ်ကနေ အများဆုံး ကျပ် ၁၅ဝ အထိ သတ်မှတ်ကောက်ခံနေတာဖြစ် ပါတယ်။
ဒါ့အပြင် ဓာတ်အားထုတ်လုပ်မှုကဏ္ဍမှာ နိုင်ငံပိုင်စက်ရုံအသစ်တွေ တည်ဆောက်ပြီးစီးမှု မရှိသေးတာကြောင့် ပုဂ္ဂလိကဓာတ်အားပေး စက်ရုံတွေကနေ ဝန်ကြီးဌာနက ဝယ်ယူနေရတာကြောင့် လျှပ်စစ်ဓာတ်အား ဝယ်ယူမှုစရိတ်တွေ များနေတယ်လို့ သိရပါတယ်။
ပုဂ္ဂလိကစက်ရုံတွေဖြစ်ကြတဲ့ ရေအားလျှပ်စစ်စက်ရုံကနေ တစ်ယူနစ်ကို ၆၈ ကျပ်ခန့်၊ သဘာဝဓာတ်ငွေ့စက်ရုံ ကနေ တစ်ယူနစ်ပျမ်းမျှ ၁၅၈ ကျပ်ခန့်နှုန်းနဲ့ ဝယ်ယူသုံးစွဲနေရတာကြောင့် နိုင်ငံတော်ဘတ်ဂျက်ကနေ ဓာတ်အားတစ်ယူနစ်တိုင်းအတွက် ၂၃ ကျပ်ခန့် စိုက်ထုတ်သုံးစွဲနေရကြောင်း၊ ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်း ကျပ် ၃၃၇ ဘီလီယံခန့် အရှုံးပေါ်ခဲ့ကြောင်းလည်း ဒေါက်တာထွန်းနိုင်က ပြောကြားခဲ့ပါတယ်။