ပြည်ပရောက် မြန်မာတွေ ဒေါ်လာပြန်လွှဲရင် လျှပ်စစ်ယာဉ်သွင်းခွင့်ရမယ်လို့ စစ်ကောင်စီပြော
2023.10.16
ပြည်ပရောက် မြန်မာတွေအနေနဲ့ ဝင်ငွေတွေကို ဘဏ်ကတစ်ဆင့် မြန်မာပြည်ပြန်လွှဲမယ်ဆိုရင် လျှပ်စစ်ကားနဲ့ ဆိုင်ကယ် တင်သွင်းခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာ ၁၃ ရက်မှာ ကြေညာပါတယ်။
သင်္ဘောသား အပါအဝင် ပြည်ပမှာ ပုံမှန်ဝင်ငွေ ရနေသူတွေဟာ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ နှစ်သိန်းနဲ့အထက် ငွေလွှဲခဲ့ရင် အဲဒီငွေရဲ့ ငါးရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာတစ်သောင်းတန် လျှပ်စစ်ယာဉ် (EV) တစ်စီး တင်သွင်းခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ စီးပွား/ကူးသန်း ဝန်ကြီးဌာနက ဆိုပါတယ်။
အလားတူပဲ အခြားဝင်ငွေ ရသူတွေအနေနဲ့ တစ်နှစ်ကို ဒေါ်လာ ငါးသောင်းနဲ့အထက် ငွေလွှဲပေးရင် ဒေါ်လာ ၂၅၀၀ တန် လျှပ်စစ်ယာဉ်တစ်စီး တင်သွင်းခွင့်ပေးမယ်လို့ ရေးထားတာပါ။
ဒါဟာ လက်ရှိဒေါ်လာဈေး ၃၃၀၀ ကျပ်နဲ့တွက်ရင် မြန်မာငွေ ၈၂ သိန်းကျော်ကနေ သိန်း ၃၃၀ ကျော်ရှိတဲ့ လျှပ်စစ်ယာဉ်တွေ တင်သွင်းခွင့်ရမယ်လို့ ဆိုတာပါ။
ဒါပေမဲ့ ကားရောင်းဝယ်ရေး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးကတော့ ဒီဈေးနှုန်းနဲ့ ရွေးချယ်စရာ လျှပ်စစ်ယာဉ်တွေ သိပ်မရှိဘူးလို့ ပြောပါတယ်။
"လျှပ်စစ်ဆိုင်ကယ်ကတော့ လွယ်လိမ့်မယ်။ ကားကျတော့ ဈေးပေါရင် ဘက်ထရီ မကောင်းတာနဲ့ သက်တမ်းမရှည်တာနဲ့ပဲ ဖြစ်သွားမှာလေ။ EV (လျှပ်စစ်ယာဉ်) ကားရဲ့အသက်က ဈေးနှုန်းအပေါ်မှာ မူတည်နေတာ။ ဒေါ်လာ နှစ်သောင်းကျော်လောက်မှာ ကားနည်းနည်းလေးကောင်းမှာ"
တစ်ဖက်မှာလည်း ပြည်ပရောက် နိုင်ငံသားတွေရဲ့ စုစုပေါင်းဝင်ငွေ ဆယ်ရာခိုင်နှုန်းကို အခွန်ကောက်မယ်လို့ စစ်ကောင်စီရဲ့ စက်တင်ဘာ ၁၂ ရက်နေ့ထုတ် ၂၀၂၃ ခုနှစ် အခွန်အကောက် ဥပဒေထဲမှာ ဖော်ပြထားပါတယ်။
စီးပွားရေး လေ့လာသူတစ်ဦးကတော့ စစ်ကောင်စီရဲ့ အခုလိုတင်သွင်းခွင့်ပြုတာဟာ တစ်ဖက်မှာ လျှပ်စစ်ကားတွေ ပိုများအောင် အစားထိုးနေတာလို့ တွေးနိုင်ပေမယ့် တကယ်တမ်းက ဒေါ်လာလိုအပ်ချက်ကို ဖြည့်ဆည်းနေတာလို့ သုံးသပ်ပါတယ်။