နိုဘယ်လ်ဆု ပဏာမထင်ကြေးစာရင်းမှာ နော်ဝေမှ DVB ပါဝင်
2010.09.30

အခုလိုထင်ကြေးပေးခံရသူစာရင်းမှာ ထိပ်ဆုံးမှာ ရှိနေသူကတော့ တရုတ် ဒီမိုကရေစီရေး လှုပ်ရှားသူ လျှူရှောင်ဘို (Liu Xiaobo) ဖြစ်တယ်လို့ ဥရောပအခြေစိုက် လောင်းကစားဒိုင်တွေက ထင်ကြေးပေးထားပါတယ်။
နော်ဝေအခြေစိုက် ငြိမ်းချမ်းရေး သုတေသနပညာရှင်အဖွဲ့ PRIO ရဲ့ အကြီးအကဲ Kristian Berg Harpviken ကတော့ တရုတ်အစိုးရ ဆန့်ကျင်သူကို ရွေးချယ်တာထက် အာဖဂန် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ Sima Samar ၊ နော်ဝေအခြေစိုက် DVB အသံလွှင့်ဌာနတို့ကို အလားအလာ ပိုများတယ်လို့ ဆိုပါတယ်။
နိုဘယ်လ်ဆုရှင်ရွေးချယ်ရေးကော်မတီအနေနဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြနိုင်ဖို့ အခုနှစ်ဟာ အချိန်တန်ပြီဖြစ်ကြောင်း၊ မစ္စတာလျှူရှောင်ဘိုဟာ ဒီဆုအတွက် အထိုက်တန်ဆုံးသူတဦး ဖြစ်ကြောင်း ချက်သမတဟောင်း ဗက်ဆလပ် ဟာဗဲလ်က ပြီးခဲ့တဲ့ အပတ်က တိုက်တွန်းခဲ့ပါတယ်။ ဗက်ဆလပ် ဟာဗဲလ်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ပေးပို့ ရှေ့တန်းက ထောက်ခံ တင်ပြခဲ့သူ ဖြစ်ပါတယ်။
ထောင်ဒဏ် ၁၁ နှစ် ကျနေတဲ့ တရုတ်ဒီမိုကရေစီရေး လှုပ်ရှားသူကို နိုဘယ်လ်ဆုပေးခဲ့ရင် တရုတ်နဲ့ နော်ဝေအစိုးရ အကြား ဆက်ဆံရေး ထိခိုက်မယ်လို့ တရုတ်အစိုးရက သတိပေးထားပါတယ်။
နိုဘယ်လ်ဆုအတွက် ထင်ကြေးပေး ခံထားရသူတွေထဲမှာ ဇင်ဘာဘွေ အာဏာရှင် ရောဘတ် မူဂါဘီနဲ့ အာဏာခွဲ ဝေယူထားတဲ့ ဝန်ကြီးချုပ် Morgan Tsvangirai၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်း Mary Robinson နဲ့ ဆိုဗီယက်အဖွဲ့ဝင် နိုင်ငံဟောင်းတွေက လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ Memorial အဖွဲ့တွေလို့ သိရပါတယ်။