DVB သတင်းထောက် ခွန်ဇော်ဦးကို အာမခံပေး
2019.07.30
လိုင်စင်မဲ့ ကားစီးလို့ဆိုပြီး အမှုရင်ဆိုင်နေရတဲ့ DVB သတင်းထောက် ခွန်ဇော်ဦးကို လားရှိုးမြို့နယ်တရားရုံးက ဒီကနေ့အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
ဂုဏ်သိက္ခာရှိ လူပုဂ္ဂိုလ်နှစ်ဦးက အာမခံပေးတာ၊ ခွန်ဇော်ဦးအနေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆောင် ရွက်နေတဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက်တာ၊ မှုခင်းကျဆင်းရေးနဲ့ အချုပ်သားလျော့ပါးရေး စီမံချက်တို့ကြောင့် အာမခံနဲ့ပြန်လွှတ်ပေးလိုက်တာလို့ သိရပါတယ်။
လားရှိုးမြို့က အလုပ်သမား ၁၅ ယောက်ဟာ ၂၀၁၈ ခုနစ် အောက်တိုဘာလက Gold Luck Water Park ရေပန်းဥယျာဉ် ကစားကွင်းမှာ ဆေးသုတ်ဖို့အတွက် အလုပ်ရှင်နဲ့ စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ကြပေမယ့် စာချုပ်ထဲမှာ မပါတာတွေကိုလည်း လုပ်ကိုင်ပေးခဲ့ရပြီး အဲဒီအတွက် လုပ်အားခငွေကျပ် ၁၃၄ သိန်းရရှိဖို့ ကျန်နေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ သတင်းထောက် ခွန်ဇော်ဦးဟာ လုပ်ငန်းရှင် ဦးရဲနိုင် ကို သတင်းမေးမြန်းဖို့သွားရာမှာ လိုင်စင်မဲ့ကားစီးလို့ဆိုပြီး အဲဒီလုပ်ငန်းရှင်က တိုင်ကြားတာဖြစ်ပါတယ်။
လုပ်ငန်းရှင် ဦးရဲနိုင်က သူ့ခြံထဲအရောက်မှာ တံခါးပိတ် ခြိမ်းခြောက်ခဲ့တယ်ဆိုပြီးလည်း DVB သတင်းထောက် ခွန်ဇော်ဦးက လားရှိုးမြို့ အမှတ်၁ ရဲစခန်းမှာ ပြန်လည်တိုင်ကြားခဲ့ပါတယ်။
အဲဒီတိုင်ကြားမှုကြောင့် ဦးရဲနိုင်ကို စခန်းမှာ ခေါ်ယူစစ်ဆေးပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးထားတယ်လို့ လားရှိုးမြို့အမှတ် ၁ ရဲစခန်းက ဒုရဲမှူးမြင့်ကျော် က ပြောပါတယ်။
(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)