လိုင်စင်မဲ့ကားအသုံးပြုမှုနဲ့ သတင်းထောက်တစ်ဦးကို အမှုဖွင့်
2019.07.28
လားရှိုးမြို့က Gold Luck Water Park ရေပန်းဥယျာဉ်ကစားကွင်းမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတချို့ လုပ်ခမရတဲ့သတင်း ထောက်လှမ်းမေးမြန်းတဲ့ သတင်းထောက် နှစ်ယောက်ကို လုပ်ငန်းရှင်က လိုင်စင်မဲ့ကား အသုံးပြုမှုနဲ့ တိုင်ကြားတဲ့အတွက် ရဲတပ်ဖွဲ့က ယာဉ်ပိုင်ရှင် သတင်းထောက်ကို အမှုဖွင့် ဖမ်းဆီးလိုက်ပါတယ်။
လားရှိုးအခြေစိုက် DVB သတင်းထောက် ခွန်ဇော်ဦးကို လိုင်စင်မဲ့ကား အသုံးပြုစီးနင်းတယ်ဆိုပြီး လုပ်ငန်းရှင် ဦးရဲနိုင်က ဇူလိုင်လ ၂၂ ရက်နေ့က သတင်းပေးတိုင်ကြားထားတဲ့အတွက် လားရှိုးမြို့ အမှတ် ၁ ရဲစခန်းက ဒီကနေ့ အမှုဖွင့် အရေးယူလိုက်တာဖြစ်ပါတယ်။
ရေပန်းဥယျာဉ်လုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ ဆေးသုတ်လုပ်သားတွေကို လုပ်ခရှင်း မပေးတာနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ အလုပ်သမားတွေက လားရှိုးခရိုင် အလုပ်သမားဦးစီးရုံးကို သွားရောက်တိုင်ကြားခဲ့တဲ့အတွက် DVB သတင်းထောက်နဲ့ မြန်မာတိုင်းမ်သတင်းထောက်တို့က လုပ်ငန်းရှင်ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ လုပ်ငန်းရှင်က ရုံးခန်းကိုလာဖို့ ခေါ်တဲ့အတွက် သွားရောက်သတင်း မေးမြန်းရာမှာ လုပ်ငန်းရှင်က ခြံတံခါးပိတ်ပြီး ရဲကို ဖုန်းဆက် တိုင်ကြားခဲ့တာလို့ သတင်းထောက်တွေက ပြောပါတယ်။
ယာဉ်ထိန်းအဖွဲ့က ကုန်လမ်းပို့ဆောင်ရေး ဦးစီးဌာနမှာ လိုင်စင်မဲ့ယာဉ် ဟုတ်၊ မဟုတ် လာရောက်စစ်ဆေးပြီးနောက် ဒီကနေ့ မနက်မှာပဲ အမှတ် ၂ဝ ယာဉ်ထိန်းတပ်ဖွဲ့က တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ဒီလို ခြံတံခါးပိတ်ထားစဉ် ဦးရဲနိုင်က လာရောက်သတင်းမေးတာနဲ့ပတ်သက်လို့ သူတို့တွေကို ခြိမ်းခြောက်ခဲ့တယ်လို့ မြန်မာတိုင်းမ်သတင်းဌာနက သတင်းထောက် မမြတ်မိုးသူက ပြောပါတယ်။
လက်ရှိမှာ DVB သတင်းထောက် ခွန်ဇော်ဦးကို ပ ၂၈၀/၁၉ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်ပြီး လားရှိုးမြို့ အမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
DVB သတင်းထောက် ခွန်ဇော်ဦးကလည်း လုပ်ငန်းရှင် ဦးရဲနိုင်က ခြံတံခါးပိတ် ခြိမ်းခြောက်ခဲ့တယ်ဆိုပြီး ပြန်လည်အမှုဖွင့်ထားတယ်လို့ ခွန်ဇော်ဦးက ပြောပါတယ်။
လုပ်ငန်းရှင် ဦးရဲနိုင်ကတော့ သူအနေနဲ့ တာဝန်သိ နိုင်ငံသားတစ်ယောက်အနေနဲ့ သတင်းပေး တိုင်ကြားခဲ့ တာဖြစ်သလို၊ သူ့ကို ပြန်လည်အမှုဖွင့်တဲ့အပေါ်မှာလည်း ဥပဒေအရ ရင်ဆိုင်သွားမယ်လို့RFA ကို ပြောပါတယ်။
(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)