၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား ငါးရာကျော် လက်နက်ချကြောင်း NUG ယာယီသမ္မတပြော

RFA Burmese
2024.01.01
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား ငါးရာကျော် လက်နက်ချကြောင်း NUG ယာယီသမ္မတပြော ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူးအတွက် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားခဲ့သည့် NUG ယာယီသမ္မတ ဒူဝါလရှီးလအား တွေ့ရစဉ်။
Screenshot: National Unity Government of Myanmar - Facebook Video

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီတပ်သား ၅၅၀ ကျော် လက်နက်ချ အညံ့ခံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူးအတွက် ယာယီသမ္မတရဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောခဲ့တာပါ။

"စစ်ကောင်စီတပ်သားတွေရဲ့ စခန်းစွန့်ခွာထွက်ပြေးမှုနဲ့ လက်နက်ချအညံ့ခံမှုတွေဟာ စစ်ရေးနောက်ခံသမိုင်းမှာ မကြုံဘူးလောက်အောင် အရေအတွက် အလုံးအရင်းနဲ့ များပြားနေတာ တွေ့ရပါတယ်။ နေ့စဉ်နဲ့အမျှ စခန်းသိမ်းတိုက်ပွဲတွေမှာ လက်နက်ချအညံ့ခံတဲ့ အခြေအနေဖြစ်လာပါတယ်"

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ သုံးနှစ်တာကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်သား ၁၈,၀၀၀ ကျော် ချေမှုန်းနိုင်ခဲ့တယ် လို့လည်း (KNU) ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ယာယီသမ္မတက ထည့်ပြောခဲ့ပါတယ်။

ဒီရလဒ်တွေကိုကြည့်ရင် စစ်ကောင်စီရဲ့ နိဂုံး၊ အဆုံးသတ်ချိန်ဟာ နီးလာပြီလို့ ဆိုနိုင်တဲ့အပြင် စစ်ရေးခုခံမှုတွေကိုလည်း အရှိန်မြှင့်မယ်လို့ ယာယီသမ္မတက ဆိုပါတယ်။

တော်လှန်ရေးအဆင့် တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်လာပြီးနောက် စစ်ကောင်စီဟာ အာဏာလက်မလွှတ်ရေးအတွက် အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီမိုကရေစီနည်းလမ်းတကျနဲ့ တိုင်းပြည်တိုးတက်ဖို့ ဆန္ဒမရှိသူတွေကြောင့် နိုင်ငံပိုင်နဲ့ ပြည်သူပိုင်ဆိုင်မှုတွေ ထိခိုက် ပျက်စီးခဲ့ပြီး တိုင်းပြည်ဟာ အနုတ်လက္ခဏာဆောင်ခဲ့တယ်လို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်ပြောထားပါတယ်။

စစ်ကောင်စီတပ်သားတွေ တိုက်ပွဲအတွင်း လက်နက်ချ အညံ့ခံတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်လေ့မရှိပါဘူး။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကလည်း ၂၀၂၄ ခုနှစ် နှစ်သစ်နဲ့အတူ ပြည်သူလူထု လိုလားနေတဲ့ မျှော်လင့်ချက်တွေကို ဆက်လက်ကြိုးပမ်းမယ်လို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။