NCA အခြေခံမူချိုးဖျက်ပြီးမှ နှစ်ပတ်လည်လုပ်တာ ဂုဏ်သိက္ခာမဲ့လုပ်ရပ်လို့ NUG ယာယီသမ္မတပြော
2023.10.14
စစ်တပ်အာဏာသိမ်းကတည်းက NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်သလို စစ်ကောင်စီဟာ NCA စာချုပ်ကို လိုက်နာမှုမရှိတဲ့အပြင် အခြေခံမူတွေကို ချိုးဖျက်ခဲ့ပြီးမှ အောက်တိုဘာလ ၁၅ ရက်မှာ NCA လက်မှတ်ထိုးတဲ့ ရှစ်နှစ်ပြည့်လုပ်မယ်ဆိုတာ ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ် ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အောက်တိုဘာလ ၁၄ ရက်မှာ ပြောပါတယ်။
ယာယီသမ္မတဒူဝါလရှီးလက ပြည်သူလူထုဆီ လစဉ်ပြောကြားတဲ့ မိန့်ခွန်းထဲ ထည့်သွင်း ပြောခဲ့တာပါ။
“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မရယူဖို့ ကြိုးစားစဉ် ကတည်းက NCA စာချုပ်ဟာ ပျက်ပြယ်သွားခဲ့ပြီး ဖြစ်ပါတယ်။ NCA စာချုပ်ချုပ် ဆိုခဲ့တဲ့ KNU, CNF , ABSDF တို့ကိုယ်တိုင် ပျက်ပြယ်ပြီးဖြစ်ကြောင်း ပြည်သူလူထုတစ်ရပ်လုံးကို အသိပေးထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ စစ်ကောင်စီ ဟာ NCA စာချုပ်ကို လိုက်နာမှုမရှိ NCA အခြေခံမူ တွေကို လေးစားမှုမရှိ၊ ချိုးဖျက်ခဲ့ပြီး ကာမှ NCA နှစ်ပတ်လည် လုပ်မယ်ဆိုတာ အင်မတန်မှ မျက်နှာပြောင်တိုက်ရာကျပြီး ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်”
နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း စစ်ကောင်စီကျင်းပပြုလုပ်မယ့် NCA (၈) နှစ်ပြည့်အခမ်းအနားကို တက်ရောက်ရမယ့် အချိန်မဟုတ်သလို ဒီအချိန်ဟာ ဖြစ်ပျက်မှုတွေကို ပြန်လည်သုံးသပ်ရမယ့် အချိန်ဖြစ်တယ်လို့ တိုက်တွန်းထားပါတယ်။
အောက်တိုဘာ ၉ ရက်နေ့ညက ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက မုန်လိုင်ခက် ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုကို အကြောင်းပြုပြီး အခုလို NUG ယာယီသမ္မတက တိုက်တွန်းပြောလိုက်တာပါ။
ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ မရပ်တန့်သေးသရွေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ ပါဝင်ဆွေးနွေးမှာ မဟုတ်ဘူးလို့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က အောက်တိုဘာ ၁၂ ရက်နေ့မှာ ပူးတွဲ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော် ဆန်နီကတော့ စစ်ကောင်စီဘက်က ဖိတ်ပေမယ့် NCA က ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် မတက်တာဖြစ်တယ်လို့ RFA ကို ပြောထားပါတယ်။
နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အသိအမှတ်မပြုဘဲ ဆက်လက် ဖယ်ကြဉ်ထားကြဖို့၊ ဂုဏ်သိက္ခာမဲ့တဲ့ စစ်ကောင်စီထံကနေ တည်ကြည်တဲ့ နိုင်ငံရေး အာမခံချက်တွေ ရရှိနိုင်မှာမဟုတ်သလို စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကလည်း ကိုယ်ကျိုး စီးပွားအခြေပြု နိုင်ငံရေးအသုံးချမှု သက်သက်သာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းထဲ အသိပေးပြောကြားထားပါတယ်။
ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။