မူဆယ်မှာ ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်ဖိုး မူးယစ်ဆေးတွေ ဖမ်းမိ


2016.08.31
drugs-arrest-muse-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ သြဂုတ်လ ၃၀ ရက်နေ့က ငွေကျပ် သိန်းပေါင်း တစ်သောင်းကျော်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖမ်းဆီးရမိစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မနေ့က စိတ်ကြွဆေးပြားနဲ့ ဘိန်းဖြူ ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း တစ်သောင်းကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီမူးယစ်ဆေးတွေဟာ တစ်ဖက်နိုင်ငံကနေ ဝင်လာတာဖြစ်ပြီး မြန်မာပြည်အတွင်းပိုင်းက မြို့ကြီးတွေကို ဖြန့်ဖြူးဖို့ သိုလှောင်ထားတာဖြစ်တယ်လို့ ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။

"တဖက်နိုင်ငံကနေ ဝင်ရောက်လာပြီးတော့မှ မူဆယ်မှာတဆင့် သိုလှောင်ထားတယ်၊ ပြီးတော့မှ လားရှိုး၊ မန္တလေး၊ ရန်ကုန် အစရှိတဲ့ မြို့ကြီးတွေကို ဆက်လက်ဖြန့်ဖြူးတယ်လို့ ကျနော်တို့ ပဏမစစ်ဆေးချက်အရတော့ သိရှိထားတယ်"

တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ရဲ့သတင်းပေးချက်အရ အခုလို ရှာဖွေဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး စိတ်ကြွဆေးပြား အရေ အတွက် နှစ်သိန်းနီးပါးနဲ့ ဘိန်းဖြူ ၃၄ ဒဿမ ၇၃၆ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲဒီ မူးယစ်ဆေးတွေ လက်ဝယ်ထားရှိမှုနဲ့ မူဆယ်မြို့ ကောင်းမုလွယ် ရပ်ကွက်မှာနေတဲ့ မြန်မာနိုင်ငံသား နိုင်ယိုးနဲ့ မစိန်နီထွေးကို ဖမ်းဆီးရမိထားပြီး မူဆယ်မြို့ တရုတ်ကွမ်ရင်မယ်တော်ကျောင်းမှာ ဘိန်းဖြူသိုလှောင်ထားတဲ့ သီလရှင်တစ်ဦးက လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။