ကျောင်းအုပ်ဆရာကြီး ဓားထိုးခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်တယောက်က အမှတ်(၂) အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးကို ဓားနဲ့ ထိုးလိုက်တာကြောင့် ကျောင်းအုပ်ဆရာကြီးဟာ အခု ဆေးရုံမှာ အတွင်းလူနာအဖြစ်နဲ့ ဆေးကုသခံယူနေရတယ်လို့ သိရပါတယ်။

2010.10.21
drug_syringe_305_z.jpg ဟီရိုအင်း ဘိန်းဖြူရည် ဖြည့်ထားသော ဆေးထိုးအပ် ကိုင်ကာ အကြောထဲသို့ မူးယစ်ဆေး ထိုးသွင်းရန် ပြင်ဆင်နေသော လူငယ်တဦး၏ ဆေးမင်ကြောင်ထိုးထားသောလက် ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းဟာ သူ့ရဲ့ ကျောင်းရှေ့မှာပဲ မူးယစ်ဆေးဝါး သုံးစွဲတဲ့ လူငယ်တယောက်ကနေ အောက်တိုဘာ ၁၈ ရက် တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ဓားနဲ့ထိုးတာကို ခံလိုက်ရတာပါ။

ထိုးသွားတဲ့လူငယ်ဟာ ကျောင်းသားတွေဆီကနေ လိုက်လံပြီး ငွေညှစ်နေသူလို့လည်း သိရပါတယ်။

ခုလို ဓားနဲ့ ထိုးသွားတာကို ကိုယ်တိုင်မျက်မြင်တွေ့လိုက်ရတဲ့ မိုးညှင်းမြို့ခံတယောက်က RFA ကို အခုလို ပြောပြပါတယ်။

“ဓားနဲ့ထိုးသူကတော့ ဂျင်းဖောတူးလို့ ခေါ်တဲ့ မတူးဖြစ်ပါတယ်။ ကျောင်းဝတ်စုံနဲ့ လာလာပြီးမှ ပိုက်ဆံရှိတဲ့ ကလေးတွေကို ခြိမ်းခြောက်ပြီး ငွေတောင်းပါတယ်။ ငွေရပြီးရင် အဲဒီကလေးတွေဟာ မူးယစ်ဆေးဝါးကို သုံးစွဲနေကြပါတယ်။ အဲဒီအခင်းဖြစ်တဲ့နေ့က ဂျင်းဖောတူးတို့အဖွဲ့ဟာ စားမေးပွဲဖြေပြီး ထွက်လာတဲ့ ကလေးတွေဆီကနေ ငွေညှစ် တောင်းခံပါတယ်။ ကျောင်းဝင်းထဲက ဂိတ်ပေါက်မှာ ဆေးလိပ်သောက်ပြီး ထိုင်နေတဲ့ အဲဒီကောင်လေးကို ကျောင်းအုပ်ဆရာကြီးက ကျောင်းလုံခြုံရေးအတွက် စစ်ဆေးဖို့ ခေါ်ယူတယ်၊ အဲဒီမှာ အဲဒီ ကောင်လေးဆီမှာ ပါလာတဲ့ ဓားနဲ့ ဆရာကြီးရဲ့ ရင်ဝကို ထိုးပါတယ်။ ဆရာကြီးက လှည့်လိုက်တော့ နောက်ကျောကို ထိုးမိသွားခြင်း ဖြစ်ပါတယ်။ အခု ဆရာကြီး မိုးညှင်းဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသနေရပါတယ်။”

ဒီအကြောင်းနဲ့ပတ်သက်လို့ RFAက မိုးညှင်းရဲစခန်းကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာတော့ ဓားထိုးမှုဖြစ်တာ ဟုတ်မှန်ကြောင်းပြောပြီး တရားခံကိုတော့ ရှာနေတုန်းပဲ ဆိုပြီး အခုလို ပြောပါတယ်။

“မမိဘူးခင်ဗျ လိုက်တုန်းရှိသေးတယ်။ ကျောင်းသားမဟုတ်ဘူး အရပ်သား အဲဒီနေ့က အဲဒီကောင်လေးတွေ မနက်က အရက်သောက်ထားတယ် ပြောပါတယ်၊ အရက်သောက်ထားပြီး ကျောင်းဝင်းဂိတ်ထဲကို ရောက်လာတယ် ပြောပါတယ်။ ရောက်လာတဲ့အချိန်မှာ ဆရာကြီးကလည်း မြို့နယ်ပညာရေးမှူးရုံးကနေ ပြန်လာပြီး ကျောင်းထဲအရောက်မှာ ဒီကောင်လေးကို တွေ့လိုက်တယ်၊ အရပ်သားမို့လို့ မေးလိုက်တယ် မင်းဘယ်ကလဲ ဘာလာလုပ်တာလဲ မေးလိုက်တော့ အဲဒီကောင်လေးက မင်းဘာဖြစ်ချင်လဲ ဆိုပြီး ဓားနဲ့ ထိုးသွားတာပါ။”

အဲဒီအရပ်မှာ အသက် ၁၅ နှစ်ကနေ အသက် ၂၀ ကျော် လူငယ်တွေ မူးယစ်ဆေး သုံးစွဲနေကြပြီး ဘိန်းဖြူကို အကြောထဲ ထိုးသွင်းတဲ့လူငယ်တွေက အများစုဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းတွေ အနီးပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါးကို ပေါ်ပေါ်တင်တင် ရောင်းဝယ်နေတာကြောင့် ကျောင်းတာဝန်ရှိသူတွေက သက်ဆိုင်ရာကို တိုင်ကြားခဲ့ပေမဲ့ ထိရောက်တဲ့ အရေးယူတာမျိုး မတွေ့ရဘူးလို့ မြို့ခံတွေကပြောပါတယ်။

မိုးညှင်းရဲစခန်းနဲ့ RFA အဆက်အသွယ်ရချိန်က မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဒီကိစ္စကို ဘာမှမသိဘူးဆိုပြီး ရဲဝန်ထမ်းက ခပ်ပြတ်ပြတ် ပြန်ပြောသွားပါတယ်။

မိုးညှင်းမြို့မှာသုံးစွဲနေတဲ့ မူးယစ်ဆေးဝါးတွေကတော့ တရုတ်-မြန်မာနယ်စပ်ဖက်က လာတာရှိသလို ဖားကန့် ကျောက်စိမ်းတွင်း ဒေသဖက်ကလည်း ဝင်လာတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။