မူးယစ်ဆေးဝါးအမှု တရားရုံးကို ရောက်ရှိမှုနည်းပါး


2013.05.30

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီက အဖွဲ့ဝင်တွေဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က တရားရုံးတွေကို အခုရက်ပိုင်းအတွင်း ကွင်းဆင်းလေ့လာခဲ့ရာမှာ မူးယစ်ဆေးဝါးအမှုတွေ တရားရုံးရောက်ရှိမှု နည်းပါးတာ တွေ့ရတယ်လို့ RFA ကို ပြောပါတယ်။

အဲဒီလို မူးယစ်ဆေးဝါးနဲ့ သက်ဆိုင်တဲ့အမှုတွေ တရားရုံးတွေကို ရောက်ရှိမှုနည်းတာဟာ အာဏာပိုင်တွေဘက်က ထိရောက်တဲ့ဖမ်းဆီးအရေးယူမှုတွေ အားနည်းတာကြောင့်ဖြစ်တယ်လို့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က RFA ကို ပြောပါတယ်။

ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်အပါအဝင် ကော်မတီဝင် (၄) ဦးဟာ မေလ (၂၈) ရက်နေ့ကစပြီး ကရင်ပြည်နယ်က ဘားအံမြို့နယ်တရားရုံး၊ ကရင်ပြည်နယ်တရား လွှတ်တော်ရုံးတွေအပြင် မွန်ပြည်နယ်က မော်လမြိုင်မြို့နယ်တရားရုံး၊ ခရိုင်တရားရုံး၊ မွန်ပြည်နယ် တရားလွှတ်တော်ရုံးနဲ့ ကျိုက်မရောမြို့နယ်တရားရုံးတို့ကို ကွင်းဆင်းလေ့လာခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ နေပြည်တော်စတဲ့ဒေသက တရားရုံးတွေကို ကော်မတီဖွဲ့ပြီးနောက် ဆက်တိုက်ကွင်းဆင်းလေ့လာခဲ့ပြီး ကော်မတီရဲ့ လေ့လာတွေ့ရှိချက်တွေကို မကြာခင်ကျင်းပမယ့် လွှတ်တော်မှာ အစီရင်ခံတင်ပြသွားမယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ပြည်သူ့လွှတ်တော်မှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေကော်မတီကို စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကော်မတီဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်ကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။