မလေးရှား မူးယစ်ဆေးဝါးတင်ပို့မှု အဓိကတရားခံကို ဖမ်းမိ
2018.06.06

မလေးရှားနိုင်ငံ စီမရစ်မြို့မှာ မြန်မာနိုင်ငံကနေတဆင့် ပို့လိုက်တဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ နေထိုင်တဲ့ မောင်မောင် (ခ) Hj Yassin ဆိုသူကို ဖမ်းဆီးရမိထားတယ် လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က မလေးရှားနိုင်ငံ စီမရစ်မြို့ ကုန်လှောင်ရုံမှာ မြန်မာနိုင်ငံကနေ စားသောက်ကုန်တွေနဲ့ ရောနှောထားတဲ့ မူးယစ်ဆေးဝါးတွေပါတဲ့ ကုန်သေတ္တာထဲမှာ မက်အဖက်တမင်း ၁၁၈၇ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၇၅၀ ဂရမ်ကို မလေးရှားနိုင်ငံသား ၃ ဦးနဲ့ မြန်မာနိုင်ငံသား ၃ ဦး တို့ဆီက နေ ဖမ်းဆီးရမိခဲ့တာပါ။
ကွင်းဆက်အရ အဓိကတရားခံဖြစ်တဲ့ တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဖိုးစိန်လမ်း မ/၅၀(A) နေ မောင်မောင် (ခ) Hj Yassin ဆိုသူဟာ ထွက်ပြေးနေရာကနေ မန္တလေးမြို့ ၁၆ မိုင်ဂိတ်မှာ ဇွန်လ ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့တာ လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို စိစစ်ခဲ့ရာမှာ ရန်ကုန်မြို့ Nice Guy Clearence Service Angency က ကုန်သေတ္တာ အမှတ် FSCU 9911521 ထဲမှာ စားသောက်ကုန်တွေနဲ့ မူးယစ်ဆေးဝါးတွေကို ရောနှော ပြီး မလေးရှားနိုင်ငံကို တင်ပို့ခဲ့တာဖြစ်ကြောင်း၊ ဇွန်လ ၂ ရက်နေ့က အမှုနဲ့ ဆက်စပ်တရားခံတစ်ဦးကို ဖမ်းမိခဲ့ပြီး အဓိကတရားခံ မောင်မောင်ဟာ မူးယစ်ဆေးတွေကို လှည်းကူးမြို့နယ် Nice Guy ရေသန့်စက်ရုံကနေ အောက်ပုဇွန်တောင်လမ်းက ဂိုထောင်ကို သယ်ဆောင်ခဲ့ပြီး အဲဒီကနေတဆင့် သင်္ဘောတင်ပို့မှု ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
မောင်မောင်ရဲ့နေအိမ်ကို ဝင်ရောက်စစ်ဆေးရာမှာ ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၂၅၀ ရှိ လက်ဝတ်ရတနာမျိုးစုံ ၁၉ မျိုး၊ YGN 5L နံပါတ်ပါ TOYOTA LEXUS ယာဉ်ကို သိန်း ၁၀၉၀ ကျပ်နဲ့ ဝယ်ယူထားတဲ့ စာချုပ်မူရင်း တစ်စောင်၊ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း လက်ဝတ်ရ တနာတွေ ဝယ်ယူထားတဲ့ ပြေစာမူရင်း ၈ စောင် တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မောင်မောင်ထွက်ပြေးရာမှာ မောင်းနှင်သွားတဲ့ YGN 5L နံပါတ်ပါ TOYOTA LEXUS ယာဉ်ကို ဇွန်လ ၃ ရက်နေ့ ည သန်းခေါင်အချိန်က တာမွေခုံးကျော်တံတားအောက်မှာ တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
မောင်မောင်နဲ့အတူ ပူးပေါင်းပါဝင်သူတွေရဲ့ မြန်မာနိုင်ငံအတွင်း ဘဏ်အသီးသီးမှာ ငွေစာရင်း ဖွင့်လှစ်ထားတာတွေ ကို ဇွန်လ ၄ ရက်နေ့က ယာယီပိတ်သိမ်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။