မလေးမူးယစ်မှု ၄ ဦးကို တရားစွဲဆို
2018.06.30

မလေးရှားနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာ ဖမ်းဆီးရမိသူ ၄ ဦးကို ရန်ကုန်နဲ့ ထားဝယ်က တရားရုံးတွေမှာ မနေ့က မူးယစ်ပုဒ်မ ၂ဝ(ခ)/၂၂(က) နဲ့ တရားစွဲဆိုလိုက်ပါတယ်။
ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးနဲ့ ဆိပ်ကမ်းတရားရုံးတွေမှာ နှစ်ဦး၊ ထားဝယ်မြို့မှာ တစ်ဦး စွဲချက်တင်လိုက်တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တားဆီးနှိမ်နင်းရေးဌာန ဌာနမှူး ရဲမှူးကြီး ရွှေညာမောင်က ပြောပါတယ်။
"နောက်ထပ်ဖမ်းဆီးဖို့ တရားခံ ၂ ယောက်ကျန်ပါသေးတယ်ခင်ဗျ၊ သတင်းစာထဲမှာလည်း ကြေညာထားပြီးသား ဖြစ်ပါတယ်၊ မချင်ကျားမူဆိုတဲ့ တစ်ယောက်ရယ် သယ်ယူပို့ဆောင်ရာမှာပါဝင်တဲ့ ဟူစိန် ဆိုသူ တစ်ယောက်ရယ် ကျန်ပါသေးတယ်ခင်ဗျ၊ သူတို့ပိုင်ဆိုင်မှုတွေကိုလည်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဖို့ ဆောင်ရွက်နေပါတယ်ခင်ဗျ၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေ အမှုစစ် ဆောင်ရွက်တာဖြစ်ပါတယ်ခင်ဗျ၊ ကျနော်တို့ မိထားတဲ့ ၃ ယောက်ကတော့ ရန်ကုန်ဆိပ်ကမ်းတရားရုံး အနောက်ပိုင်း ခရိုင်တရားရုံစစ်တယ်။ နောက် တစ်ယောက်ကတော့ ထားဝယ်မှာပဲ စစ်လိမ့်မယ်၊ ဖမ်းဆီးရမိတဲ့သူတွေရဲ့ စစ်ဆေးထွက်ဆိုချက်အရ ရလာတဲ့ သက်သေခံ အထောက်အထားတွေပေါ် မူတည်ပြီး ပိုပြီးတော့ကွင်းဆက်တရားခံတွေ ပေါ်လာနိုင်ပါတယ်ခင်ဗျ"
မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀(ခ)/၂၂(က) ဟာ အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ်ကနေ အများဆုံး သေဒဏ်အထိ ချမှတ်နိုင်တဲ့ပုဒ်မဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့မေလ ၂၂ ရက်နေ့က မလေးရှားနိုင်ငံ စီမရစ်မြို့ကုန်လှောင်ရုံမှာ မြန်မာနိုင်ငံကနေ တင်ပို့လိုက်တဲ့ မက်အဖက်တမင်း ၁၁၈၇ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၇၅ဝ ဂရမ်တို့ကို မလေးရှားနိုင်ငံသား ၃ ဦး၊ မြန်မာ နိုင်ငံသား ၃ ဦးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။
မြန်မာနိုင်ငံထဲမှာ လက်ရှိဖမ်းဆီးရမိသူတွေကို တရားစွဲတင်ထားသလို နောက်ထပ်ကွင်းဆက် တရားခံတွေဖြစ်တဲ့ မချင်ကျားမူနဲ့ ဟူစိန်ဆိုသူကိုလည်း ဆက်လက်ဖမ်းဆီးရမိရေး ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့သူတွေရဲ့ ထွက်ဆိုချက်တွေအရ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာကနေ ရရှိတဲ့ အကျိုးအမြတ်တွေနဲ့ ပိုင်ဆိုင်ထားတယ်လို့ယူဆရတဲ့ မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်း တွေကို စိစစ်ခဲ့ရာမှာ မောင်မောင်(ခ) HJ Yassin (ဖမ်းမိ) ဆီက ခန့်မှန်းကျပ် သိန်း ပေါင်း ခုနှစ်သောင်းကျော်၊ ထားဝယ်မြို့မှာ နေထိုင်သူဆီက ခန့်မှန်း ကျပ်သိန်းပေါင်း နှစ်သောင်း ခုနှစ် ထောင်ကျော်၊ ဇေယျာဟိန်းဆီက ခန့်မှန်း ကျပ်သိန်းပေါင်း လေးထောင်ကျော်၊ မင်းနိုင်ဆီက ခန့်မှန်း ကျပ်သိန်းပေါင်း ငါးရာခန့်၊ တိမ်းရှောင်နေသူနှစ်ဦးဆီက ခန့်မှန်းကျပ် သိန်းပေါင်း ရှစ်သောင်းခွဲကျော် တို့ကို စိစစ်တွေ့ရှိထိန်းသိမ်းပါတယ်။ အဲဒီပိုင်ဆိုင်မှုတွေကို ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့အညီ ဆက်လက်အရေးယူ ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းဖော်ထုတ်နိုင်ဖို့အတွက် ကြိုးပမ်းနေတယ်လို့ ရဲမှူးကြီး ရွှေညာမောင်က ပြောပါတယ်။