ဒေါက်တာ ဇော်မြင့်မောင် ထောင်သုံးနှစ် ထပ်တိုးချခံရပြီး ထောင်ဒဏ် ၂၉ နှစ်ထိရှိလာ
မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ အမှုပေါင်း ကိုးမှုနဲ့ တရားစွဲဆိုခံထားရတဲ့အထဲက ရွေးကောက်ပွဲအပေါ် မလျော်ဩဇာသုံးတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၀ (က) အမှုအတွက် အိုးဘိုအကျဉ်းထောင်တရားရုံးကနေ ဇူလိုင်လ ၂၀ ရက် မနေ့က ထောင်ဒဏ် သုံးနှစ် အမိန့်ချခံလိုက်ရတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ယခင်က အဂတိမှု၊ အများပြည်သူအကျိုးကို ပျက်စီးစေမှု၊ သဘာဝဘေးစီမံဥပဒေချိုးဖောက်မှု၊ ရွေးကောက်ပွဲမသမာမှု စတဲ့ အမှုတွေနဲ့ ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရတာကြောင့် မနေ့က ထောင်ဒဏ်တွေနဲ့ဆိုရင် စုစုပေါင်း ချမှတ်ခံရတဲ့ ထောင်ဒဏ် ၂၉ နှစ်ထိ ရှိနေပါတယ်။
မနေ့က ချမှတ်ခံရတဲ့ ထောင်ဒဏ်ဟာ အဲဒီပုဒ်မအတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ပြီး အယူခံ ဝင်၊ မဝင်ကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရား လွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။
"အမှုတွေကတော့ အားလုံးပြီးသွားပြီ၊ ကုန်သွားပြီ၊ စုစုပေါင်း ၂၉ နှစ် ဖြစ်သွားတယ်။ အယူခံကတော့ အရင်အမှုတွေတုန်းကလည်း တက်တယ်။ ပယ်ချတာတွေရှိတော့ သိပ်တော့ မတက်ချင်တော့ဘူး၊ ဒါပေမဲ့ မသေချာသေးပါဘူး"
ဒေါက်တာ ဇော်မြင့်မောင်ဟာ လောလောဆယ် ကျန်းမာရေးကောင်းမွန်နေတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကနေ အခု ဇူလိုင်လလယ်အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် ပါတီဝင် ၉၆၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ NLD ပါတီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးအဖွဲ့က RFA ကို ပြောပါတယ်။