မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်
2024.10.06

[Update: 11: 50 AM, Oct 7, 2024]
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၃ နာရီမှာ ကွယ်လွန်သွားပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ ခံစားနေရသူ ဖြစ်ပါတယ်။
NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့က ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားကြောင်း သူတို့ရဲ့ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတွေကနေတစ်ဆင့် အသိပေးလိုက်ပါတယ်။
NLD ပါတီရဲ့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ....
“ကျွန်တော်တို့ပါတီအတွက်၊ နိုင်ငံအတွက်အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ကျွန်တော်တို့ ဆုံးရှုံးလိုက်ရတာပါ။ ကျွန်တော်တို့ပါတီ ခေါင်းဆောင်တွေ၊ မတရားဖမ်းဆီးခံရတဲ့ ပြည်သူတွေ အကျဉ်းထောင်တွေအတွင်း ကောင်းစွာ ဆေးဝါးကုသခွင့်မရဘဲ အခုလိုဆုံးရှုံးတာတွေ မဖြစ်အောင် အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မနက်အစောပိုင်းမှာကတည်းက ဖမ်းဆီးခံခဲ့ရပါတယ်။
ဒေါက်တာဇော်မြင့်မောင်ကို အဂတိလိုက်စားမှု၊ အများပြည်သူအကျိုး ပျက်စီးစေမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံဥပဒေချိုးဖောက်မှု၊ ရွေးကောက်ပွဲမသမာမှု၊ ရွေးကောက်ပွဲအပေါ် မလျော်ဩဇာသုံးမှု စတဲ့စွဲချက်တွေနဲ့ စစ်ကောင်စီက ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခဲ့ပါတယ်။
အိုးဘိုထောင်မှာ အကျဉ်းကျနေတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ရောဂါအခြေအနေ ဆိုးဝါးလာတဲ့အတွက် မန္တလေးဆေးရုံကို ပြောင်းရွှေ့ ဆေးကုသခံယူနေတာပါ။ အောက်တိုဘာလ ၅ ရက် မနေ့နေ့လယ်ပိုင်းကစလို့ အထူးကြပ်မတ်ဆောင် (ICU) ကို ပြောင်းရွှေ့ထားခဲ့ရပြီး သတိလစ်မေ့မြောသွားခဲ့ရာက အောက်တိုဘာ ၇ ရက်နေ့ မနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
မကွယ်လွန်ခင် သတိလစ်မေ့မြောနေချိန်မှာ "လူမှုရေးအရ ငဲ့ညှာတဲ့အနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်" ဆိုတဲ့စာကို ဆေးရုံမှာ လာဖတ်ပြသွားတယ်လို့ ကြားသိရကြောင်း RFA ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ ဝေဒနာခံစားခဲ့ရပြီး ပြီးခဲ့တဲ့ဇွန်လကစလို့ ရောဂါဝေဒနာ သိသိသာသာ ဆိုးရွားလာတာကြောင့် ခါးရိုးချဉ်ဆီ ထုတ်ယူစစ်ဆေးခံခဲ့ရပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။
၁၉၉ဝ ပြည့်နှစ်မှာတစ်ကြိမ် ဖမ်းဆီးခံခဲ့ရစဉ်က ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီး ၂ဝဝ၉ ခုနှစ်မှာ မြစ်ကြီးနားထောင်ကနေ ပြန်လွတ်လာပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာ နောက်တစ်ကြိမ် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးကနေ ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် (၃) လမ်းက နေအိမ်ကို ပို့ဆောင်ထားပြီး စက်တင်ဘာလ ၈ ရက်နေ့မှာ တောင်အင်းမြောက်အင်း သုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်မယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
(မှတ်ချက်- သင်္ဂြိုဟ်မည့်အချိန်ကို ထပ်မံ ဖြည့်စွက်ရေးသားထားပါသည်။)