မန္တလေးတိုင်းဝန်ကြီးချုပ် သွေးကင်ဆာကြောင့် ခေတ္တအနားယူ
2019.11.21
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ ခံစားနေရပြီး ဆေးကုသမှု ခံယူနေရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က သတင်းထောက်တွေကို ဒီကနေ့ ပြောလိုက်ပါတယ်။
ရောဂါဟာ အသက်အရွယ်ရမှ ပေါ်လာတာဖြစ်တဲ့အတွက် ပြင်းထန်တဲ့အခြေအနေမရှိပေမယ့် လတ်တလော အနားယူနေရပြီး မကြာခင်မှာ တာဝန်တွေကို ပြန်လည် ထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်တယ်လို့ ဒေါက်တာမျိုးညွှန့်က ဆိုပါတယ်။
“ရောဂါရဲ့အတိမ်အနက်ကို ကျွန်တော်တို့ မသိရသေးပါဘူး၊ ဆေးသွင်းထားပါတယ်။ ဆေးသွင်းတဲ့အတွက်၊ ပင်ပန်းတဲ့အတွက် အနားယူနေပါတယ်။ အခု ကျွန်တော်တို့ ခေတ်သစ်ဆေးပညာအရ သွေးကင်ဆာဆိုတာ ကုသလို့ရတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ အနည်းဆုံးတော့ ဒီရောဂါကို ထိန်းသိမ်းထားလို့ရပါတယ်။ အထူးသဖြင့် အသက်ကြီးမှပေါ်လာတာဖြစ်တဲ့အတွက် ဒီရောဂါက ပြင်းထန်ခြင်းမရှိပါဘူး” လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
ပါတီရဲ့ ဒုဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ မကြာသေးမီက ပြည်ပမှာ ဆေးကုသမှုခံယူနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပြီးနောက်မှာ ပါတီက အခုလို သူ့ကျန်းမာရေးအခြေအနေကို တရားဝင် ထုတ်ဖော် ပြောဆိုလိုက်တာပါ။